News

“Ovarian Lottery” မျိုးဥထီ ( သို့မဟုတ် ) လူတစ်စုတစ်ဖွဲ့ပဲ ကွက်ပြီး အခွင့်အလမ်း ရနေတာမျိုး မဟုတ်ဘဲ မြန်မာပြည်မှာ မွေးဖွား ကြီးပြင်းရမဲ့သူတိုင်းကို Ovarian Lottery ဆုကြီးကြီး ပေါက်အောင် ကြိုစားကြပါစို့….

Written by fella

“Ovarian Lottery” မျိုးဥထီ ( သို့မဟုတ် ) လူတစ်စုတစ်ဖွဲ့ပဲ ကွက်ပြီး အခွင့်အလမ်း ရနေတာမျိုး မဟုတ်ဘဲ မြန်မာပြည်မှာ မွေးဖွား ကြီးပြင်းရမဲ့သူတိုင်းကို Ovarian Lottery ဆုကြီးကြီး ပေါက်အောင် ကြိုစားကြပါစို့….

ကျွန်တော် ငယ်ငယ်က လူကြီးတွေ ပြောကြတာ နားထောင်ရင်း ဆယ်တန်း ဆိုတာ အတော်လေး ခက်ခဲမယ် ထင်ခဲ့ဖူးတယ်။ တကယ်တမ်း ဆယ်တန်းရောက်လာတော့ အောင်ဖို့ ဆိုတာ ခေါင်းထဲတောင် မထည့်ခဲ့ဘူး။ ဆေးကျောင်းဝင်မယ်ဆိုတာလည်း သိနေပြီးသား။ အမှတ်ပေါင်း ၅၀၀ ကျော်မလား၊ ဘယ်နှဘာသာ ဂုဏ်ထူးပါမလဲ၊ ဒါတွေပဲ ခေါင်းထဲ ရှိခဲ့တာ။

စာကျက်နိုင်ရင် အမှတ်များတဲ့ စနစ်မှာ ဒါက ဂုဏ်ယူစရာတော့ မဟုတ်ဘူး။ သို့သော်လည်း အမျိုးတွေကြားထဲမှာ၊ ပတ်ဝန်းကျင်မှာတော့ အဲ့အချိန်က မျက်နှာပန်းလှခဲ့တာပေါ့။ စိတ်ထဲမှာလည်း အမေတို့ ပြောတဲ့ ခက်လှချည်ရဲ့ ဆိုတဲ့ ဆယ်တန်းက ဘာမှလည်း မဟုတ်ပါလားလို့ ထင်ခဲ့မိတယ်။

အဲ့လိုနဲ့ ဘွဲ့ရပြီးနောက်ပိုင်း ကျေးလက်ဒေသတွေ၊ နယ်ဘက်တွေ ရောက်တော့မှ အဲ့လို ဆယ်တန်းအောင်ဖို့၊ ဆယ်တန်းဆိုတဲ့ အဆင့်ထိ ရောက်လာဖို့ဟာ ဘယ်လောက်ခက်ခဲတယ် ဆိုတာကို သိခဲ့ရတယ်။ ဖျာပုံလိုဒေသက ကျေးရွာတွေကျ ဆင်းရဲလို့၊ ဆရာ၊ ဆရာမ မရှိလို့။ ချင်းလိုမျိုးကျ လမ်းပန်းဆက်သွယ်ရေးပါ ခက်တယ်။ ကျောင်းဖွင့်ချိန်ကို မြေပြန့်နဲ့ တစ်ပြေးတည်း လုပ်ရတော့ ခြောက်သွေ့ပြီး လမ်းပန်းသာတဲ့ နွေဆို ကလေးတွေက အိမ်မှာနေကြ။ မိုးတွေရွာ၊ လမ်းတွေပြိုလို့ သွားလာဖို့ ခက်တဲ့အချိန်ကျမှ ကျောင်းသွားကြရတယ်။ ဒါတောင် ဘာသာစကား အခက်အခဲတွေ မပါသေးဘူး။ စစ်ဘေးဒဏ်ခံရတဲ့ ဒေသတွေက ကလေးတွေဆို ပညာသင်ဖို့ ပိုတောင် ခက်ခဲသေးတာပေါ့။

အဲ့တော့မှ ကျွန်တော် သဘောပေါက်ခဲ့ရတယ်။ တကယ်တော့ ကျွန်တော် တော်တာ မဟုတ်ပါဘူး။ ပညာသင်ခွင့် ကောင်းကောင်းရခဲ့လို့ပါ။ သူတို့သာ ကျွန်တော့်နေရာမှာဆို ကျွန်တော့်လိုပဲ ဆယ်တန်းကို လွယ်လွယ်ကူကူ အောင်မှာ ဖြစ်သလို၊ သူတို့နေရာမှာ ကျွန်တော်ဆိုလည်း ပညာတစ်ပိုင်းတစ်စနဲ့ ဆုံးခန်းတိုင်ရမှာပါပဲ။

Ovarian Lottery ဆိုတာ အဲဒါပဲ။ မြန်မာလို တိုက်ရိုက်ဘာသာပြန်ရရင်တော့ မျိုးဥထီပေါ့။ ဘယ်လိုမိဘမျိုး၊ ဘယ်လိုပတ်ဝန်းကျင်၊ ဘယ်လိုဒေသမျိုးမှာ လူဖြစ်ခွင့် ရတယ် ဆိုတဲ့အပေါ် မူတည်ပြီး ဘဝတွေ ကွာခြားသွားကြတာ။

တခါတလေ စဉ်းစားမိတယ်။ စာဖတ်သူတွေလည်း စဉ်းစားကြည့်ပါ။ ခုလက်ရှိ ကိုယ်ပိုင်ဆိုင်နေတဲ့ အရာတွေထဲမှာ ဘယ်လောက် ရာခိုင်နှုန်းလောက်က ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု ဖြစ်ပြီးတော့ ဘယ်လောက် ရာခိုင်နှုန်းလောက်က မျိုးဥထီကြောင့်လဲ ဆိုတာကို။

ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ ဥပမာ ဆက်ပေးမယ်။ ဆယ်တန်းတုန်းက အမှတ်တွေအများကြီးနဲ့ အောင်တယ် ဆိုတာ ကျွန်တော် ကြိုးစားတာလည်း ပါသလို ကျွန်တော့်မိဘကြောင့် ပညာကောင်းကောင်း သင်ခွင့်ရခဲ့တာလည်း ပါတယ်။ ကျွန်တော် တက်နေတဲ့ကျောင်းကို လက်နက်ကြီး မကျတာကြောင့်လည်း ပါမယ်။

အဲ့လိုပဲ ကျွန်တော် စာရေးသူ ဖြစ်လာတယ်။ စာအုပ်တွေ ထုတ်လာနိုင်တယ်။ ရုတ်တရက်ဆို ကျွန်တော်က စာရေးကောင်းလို့၊ အတွေးကောင်းလို့ စသဖြင့် ထင်ကြလိမ့်မယ်။ မှားလားဆိုတော့ မမှားဘူး။ ကျွန်တော် ခုလို ဖြစ်လာအောင် စာတွေဖတ်ရတယ်၊ တွေးရတယ်၊ လူတွေနဲ့ ထိတွေ့၊ ဘဝအတွေ့အကြုံတွေ ရှာရတယ်။

သို့သော် ကျွန်တော် စာရေးခွင့် ရတဲ့ခေတ်ကို ကြည့်။ ၂၀၁၂ ခုနှစ်။ အတုအယောင်ပဲဆိုဆို ဒီမိုကရေစီ ဆိုတဲ့ ခေတ်။ အတိုင်းအတာတစ်ခုထိ လွတ်လပ်စွာ ရေးသားခွင့် ရတယ်။ Facebook ပေါ်လာတယ်။ အဲဒီမှာ လက်သွေးခွင့်ရတယ်။ ကိုယ့်နာမည် တည်ဆောက်ခွင့် ရခဲ့တယ်။ နေ့စဉ်ထုတ် သတင်းစာတွေ ခွင့်ပြုပေးလိုက်တယ်။ ဆောင်းပါးတွေ ရေးခွင့် ရလာတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ စာမူတစ်ပုဒ်မှ အပယ်မခံဖူးဘဲနဲ့ (ရှေးက စာရေးဆရာကြီးများနဲ့ ယှဉ်ရင်) လွယ်လင့်တကူပဲ စာရေးသူ ဖြစ်လာခဲ့တယ်။

ဒါကြောင့် ကျွန်တော့်ရဲ့ ဖြစ်တည်မှုတွေကို ၁၀၀ ဖိုး ထားမယ်ဆို ကျွန်တော့်ကြိုးစားမှုက ၃၀ လောက်ပဲ ရှိပြီးတော့ ခေတ်ရဲ့ အထောက်အပံ့က ၇၀ ဖိုးလောက် ပါနေတယ်။ ကျွန်တော်သာ ရှေ့ ၁၀ နှစ်လောက် စောပြီး လူဖြစ်ခဲ့မယ်ဆိုရင် စာရေးဖို့ မပြောနဲ့၊ ကိုယ့်မှာ စာရေးတဲ့ ဝါသနာ ပါမှန်းတောင် မသိလိုက်ဘဲ အဆင်ပြေရာ အလုပ်တစ်ခုခု လုပ်ရင်း ဘဝဆုံးချင်ဆုံးသွားမှာ။

ဒီတော့ စာဖတ်သူများလည်း စဉ်းစားကြည့်ပါ။ မိဘက သိပ်တော်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေတော့ ဘာအမွေ၊ ဘာအရင်းအနှီးမှ မပေးရင်တောင် ငယ်ငယ်ကတည်းက စီးပွားရေးအမြင်တွေ၊ စကားလုံးတွေနဲ့ ရင်းနှီးနေတာမျိုး၊ ဘယ်သူ့သား ဘယ်သူ့သမီး ဆိုတာနဲ့ကို ပိုလုပ်ရကိုင်ရ လွယ်တာမျိုး၊ ရုပ်ရည် ချောနေတဲ့အတွက် အလုပ်မှာ တစ်ပန်းသာတာမျိုး စသဖြင့် ရှိပါလိမ့်မယ်။ (Ovarian lottery ကောင်းကောင်းမပေါက်ခဲ့ပေမဲ့ ဘဝကို အောက်ခြေကနေ ကြိုးစားရုန်းကန်ပြီး အောင်မြင်လာသူတွေလည်း အများကြီး ရှိတာ နားလည်ပါတယ်။)

အဲ့တော့ တိုတိုပြောရရင် ဘဝင်မမြင့်နဲ့ပေါ့ဗျာ။ အောက်ခြေမလွတ်နဲ့ပေါ့။ ကိုယ့်မှာ ရှိနေတဲ့ အရာတွေဟာ ကိုယ့်ကြိုးစားအားထုတ်မှုသက်သက်ကြောင့် မဟုတ်ဘူး။ Ovarian Lottery ၊ ပိုရှင်းအောင် ပြောရရင် ကံတရားရဲ့ အထောက်အပံ့တွေ အများကြီး ပါတယ်။ ကိုယ်အထင်တသေးနဲ့ ဆက်ဆံနေတဲ့သူတွေရဲ့ နေရာမှာသာ ကိုယ်ရောက်နေရင် သူတို့လောက်တောင် ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမှာ။ အဲ့ဒီတော့ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးကစလို့ ကိုယ့်လက်အောက်က ဝန်ထမ်းအထိ ဘယ်သူ့ကိုမဆို တလေးတစား ဆက်ဆံပေး။

အထူးသဖြင့် ကိုယ့်မိဘတွေက တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဘဏ္ဍာ လုပ်၊ တွေ့သမျှ လက်ညှိုးထိုး ရောင်းပြီး ကြီးပွားလာတဲ့ အကောင်သားသမီးတွေဆို ပိုလို့တောင် ဘဝင်မမြင့်သင့်သေးတယ်။ လုပ်ငန်းပေါင်း မြောက်များစွာ တည်ထောင်ထားပေမဲ့ အဲဒါတွေက ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု မဟုတ်သလို ကိုယ့်မိဘတွေက ကြိုးစားထားတာလည်း မဟုတ်ပြန်ဘူး။ လူအများရဲ့ မျက်ရည်တွေ၊ သွေးတွေ၊ ချွေးတွေကို ရင်းပြီး တည်ထောင်ထားတာ။ အနှစ်သာရအားဖြင့်ဆို အထင်ကြီးစရာ ဘာမှ မရှိဘူး။

နောက်တစ်ချက်က ကျေးဇူးတင်တတ်ပါစေ။ ကိုယ့်ကို ဒီလိုအခွင့်အလမ်းတွေ ရလာအောင်၊ သမ္မာအာဇီ၀ အလုပ်နဲ့ အသက်မွေးပြီး ဖန်တီးပေးခဲ့တဲ့ မိဘကို ကျေးဇူးတင်ပါ။ နောက်ပြီး ခေတ်ရဲ့ ပံ့ပိုးမှုကို ရခဲ့တယ်ဆိုရင် အဲ့လိုခေတ်မျိုး ဖြစ်လာအောင်၊ ပြောင်းလဲလာအောင် အသက်ပေးပြီး၊ ဘဝတွေ အပျက်ခံပြီး ကြိုးစားပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါ။

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်မှာ ရခဲ့တဲ့ အခွင့်အရေးကောင်းတွေကို တစ်ပါးသူတွေလည်း ရအောင် ကြိုးစားဖန်တီးပေးပါ။ ကျွန်တော်ကတော့ ကိုယ့်အသက်အရွယ်အရ အလုံးစုံ ပိတ်ခံထားရတဲ့ ခေတ်မှာ ပညာသင်ခဲ့ရတယ်။ ကြားထဲက မဟတဟလေး ပွင့်လာတဲ့ခေတ်မှာလည်း နေခဲ့ရတော့ ဒီကွာခြားမှုကို ကောင်းကောင်းကြီး သိတယ်။ လူငယ်တွေကို အဲဒီအမှောင်ခေတ်ထဲ မရှင်သန်စေချင်တော့ဘူး။

ငါ ဆယ်တန်းတုန်းက ဂုဏ်ထူးဘယ်နှဘာသာကွ ဆိုပြီး ကိုယ့်လောက်မှ ပညာသင်ခွင့် မရတဲ့သူတွေရှေ့မှာ လက်မ ထောင်နေမလား။ ကိုယ်ရနေတဲ့ လှေကားထစ်တွေကို နင်းတက်ပြီး သူတို့ပါ ကိုယ့်လို ပညာသင်ခွင့် ရလာအောင် လုပ်ပေးမလားပေါ့။

တကယ်တော့ လူတွေ ဆင်းရဲချမ်းသာ ကွာခြားကြတယ် ဆိုတာ ကြိုးစားအားထုတ်မှု ကွာခြားလို့ထက် အခွင့်အလမ်းတွေ ကွာခြားကြလို့သာ ဖြစ်ပါတယ်။ အေဗရာဟမ်လင်ကွန်းက ဖယောင်းတိုင် မီးလေးနဲ့တောင် ပညာကို ဘယ်လိုလေ့လာခဲ့တာ ဆိုတာမျိုးက စိတ်ဓါတ်တက်ကြွစေမှာ၊ ကြိုးစားချင်စိတ် ဖြစ်စေမှာ မှန်ပေမဲ့ ကိုယ့်နိုင်ငံကို တကယ် တိုးတက်စေချင်တယ်ဆိုရင် လူငယ်တွေဆီ ဖယောင်းတိုင်တွေ လိုက်ဝေနေရုံနဲ့တော့ မလုံလောက်ပါဘူး။ ပံ့ပိုးပေးသော ပတ်ဝန်းကျင်ကောင်း (Enabling environment) တစ်ခု ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ခုချိန်ထိ အားမလျှော့ကြသေးတာဟာလည်း ဒါပါပဲ။ လူတစ်စုတစ်ဖွဲ့ပဲ ကွက်ပြီး အခွင့်အလမ်း ရနေတာမျိုး မဟုတ်ဘဲ မြန်မာပြည်မှာ မွေးဖွား ကြီးပြင်းရမဲ့သူတိုင်းကို Ovarian Lottery ဆုကြီးကြီး ပေါက်စေချင်တာပါ။

မူရင်းပိုစ့်-

CRD-ဒေါက်တာ ဖြိုးသီဟ
၁၁.၆.၂၀၂၁

About the author

fella

Leave a Comment