ရွှေမြန်မာတို့ နဲနဲလေးမှ ပေါ့ဆလို့ မရတော့ပဲ သတိထားရတော့မယ် မြေအောက်ရေ… ( ဘန်ကောက်မှာ မြေအောက်ရေတွေသုံးတာများလို့ မြို့ကြီးနိမ့်ဆင်းသွားခဲ့ဖူးပါတယ်….)

ရွှေမြန်မာတို့ နဲနဲလေးမှ ပေါ့ဆလို့ မရတော့ပဲ သတိထားရတော့မယ် မြေအောက်ရေ… ( ဘန်ကောက်မှာ မြေအောက်ရေတွေသုံးတာများလို့ မြို့ကြီးနိမ့်ဆင်းသွားခဲ့ဖူးပါတယ်….)

အရင်က ဘန်ကောက်မှာ မြေအောက်ရေတွေသုံးတာများလို့ မြို့ကြီးနိမ့်ဆင်းသွားတယ်လို့ ကြားတုန်းက ထူးဆန်းသလို ခံစားခဲ့ဘူးပေမဲ့ နောက်ပိုင်း မြို့တွေမှာ မြေအောက်ရေကို အတော်ပြောကြတာတွေ့လာတော့ ကိုယ့်မြို့တောင်စိတ်ပူလာမိတယ်။

စင်္ကာပူမှာ မြေအောက်ရေရဖို့ မိုရ လေမ်းရေတွေကို အပင်တွေဖြတ်ပြီးသန့်ပြီး အောက်ဆင်းသွားအောင်လုပ်ကြတာ၊ လမ်းတွေကို နိုင်လွန်ကတ္တရာ AC ခင်းတာတောင် အောက်ကို ရေစိမ့်တာ သုံးတာမျိုးရှိတယ်။

ဂျာမဏီတုန်းကလည်း ပလက်ဖောင်းတွေ နဲ့လမ်းတွေမှာ ကျောက်တုံးစီပြီး ရေဝင်စေတာတွေ အတော်တွေ့ခဲ့ရတယ်။

လမ်းတွေရဲ့သဘောက ရေဝင်ရင် အောက်က ကျောက်ကြားမှာ ရေစားပြီးကျွံတာမျိုးဖြစ်တတ်တော့ မပျက်အောင် ရေမဆင်းအောင်လုပ်တတ်ကြတယ် အဲဒါက အောက်ကို။ ရေသိပ်မဆင်းစေဘူး။

တကယ်တော့ လမ်းအပြင်ကနေရာတွေ ကွန်ကရစ်ခင်းတာ တိုက်တာတွေဖြစ်တာတွေကြောင့်လည်း မြေအောက်ကို ရေရောက်တာနဲတယ်ပေါ့လေ။ နောက်သူတို့က မိုးရေတွေ စိမ့်ဝင်သွားဖို့မျိုးစုံ ကြိုးစားကြတာတွေ့တယ်၊

အမေရိကန်ရောက်တုန်းက ကယ်လီဖိုးနီးယားမှာရှိတဲ့ ဆန်ဖရန်စစ်စကိုမှာ မြို့ရေပေးဖို့ ရေကို တောင်ကျတဲ့ နှင်းပျော်တဲ့ရေကို သုံးဖို့ကြိုးစားကြတယ်လို့ သိခဲ့ရတယ်။

မှတ်မိသလောက် မြို့ကလိုတဲ့ တစ်ရက် ဂါလံ ၈ သန်းလောက်ရအောင် နှင်းရည်ကို သယ်တာသန့်တာဖြန့်တာတွေ လုပ်သတဲ့။

ပိုစိတ်ဝင်စားဖို့ကောင်းတာက မြေအောက်ရေသုံးသမျှကို မီတာနဲ့မှတ်တန်းတင်ပြီး မြို့ကနေ ရေမီတာနဲ့ကောက်တယ်။

အဝီစိတွင်းတွေကသုံးတဲ့ရေ ရေတွင်းကသုံးတဲ့ရေလည်း မီတာနဲ့ကောက်တယ်။ ဖာသာတူးလည်း ရေဖိုးပေးကြရတယ်။

ဒီထက်စိတ်ဝင်စားစရာကောင်းတာက သူတို့က မိုးရွာရင် မိုးရေကို အနေအထားအရတွက်ချက်ပြီး မြေအောက်ကို ပိုက်နဲ့ ပြန်တွန်းထည့်တဲ့နည်းပညာတွေနဲ့ ရေပြန်ထည့်ကြသတဲ့။

နောက်ပိုင်း သုတေသနလုပ်နေကြတာတွေအရ အဆောက်အဦတွေမှာ သဘာဝ လေ အလင်းရောင်သာမက ရေကို ပါ သုံးတာတွေပြန်သန့်ပြီး အဆောက်အဦမှာဘဲ သံသရာလည်နေတာမျိုး ကျလာတဲ့ရေတွေ ထိမ်းတာမျိုး တွေ့တယ်။

ငယ်ငယ်က စစ်ကိုင်းချောင်တွေမှာ မိုးရေကို ခံပြီး လှောင်ထားပြီးသုံးကြရတာသတိရမိတယ်။

သုံးတဲ့ရေကို အပင်တွေစိုက်ထားတဲ့မြေဖြတ်ပြီး အောက်မှာပြန်သုံးသေးတယ်။

အိမ်သာတွေကလည်း ရေသုံးနဲတဲ့နည်းပညာတွေသုံးလာကြသလို အိမ်သာကနေ ဓာတ်ငွေတွေ လျှပ်စစ်တွေ ဓာတ်မြေသြဇာတွေ ဘာတွေတောင်ထုတ်သတဲ့၊

နေရောင်ခြည်က လာတဲ့ အပူအလင်းတွေအပြင် မြေအောက်ထဲကို ပိုက်နက်နက်ချပြီး အဆောက်အဦအတွင်း ပူရင်အေးဖို့ အေးရင်ပူဖို့ စနစ်တွေကို မြေအောက် အောင်းပူကနေ သုံးကြပြန်တယ်။

ဘစ်စကားတွေက ဘက်ထရီနဲ့ သွားတယ်၊ မှတ်တိုင်မှာ ရပ်တဲ့နေရာမှာ အားအမြန်သွင်းတဲ့စနစ်တွေသုံးကြတယ်။

အများစု စက်ဘီးစီးကြ လမ်းလျောက်ကြတယ်။ ရေသန့်ဘူးသုံးတာတွေလျော့ပြီး ရေဘူးတွေဆောင်တယ် ဟိုတယ်မှာရေချိုင့်တွေပေးတယ် လမ်းဘေးမှာ သောက်ရေပန်းတဲ့ တိုင်တွေထားတယ်။

လူတွေစုပြီး ဘစ်စကားရထား ဓာတ်လှေခါးစီးတဲ့စနစ်တွေ လုပ်ကြတယ်။ Uber တွေဘာတွေကို စုစီးကြတယ်။

လူတစ်ယောက်ထဲကားစီးရင် အချို့လမ်းတွေပေါ်ပေးမတက်ဘူး ပေါင်းစီးကြဖို့လုပ်ကြတယ်။

ရေသန့်ဘူးကို ဂျာမဏီမှာရော ဂျပန်မှာပါ သုံးခုခွဲပြစ်ရတယ်။ဂျပန်ကကလေးတွေ အမှိုက် ၄၄ မျိုးထိ ခွဲပစ်ဖို့သင်ထားပြီး လုံးဝမမှားကြဘူး။

စင်္ကာပူမှာ အမှိုက်ကို ဖျက်စီးတဲ့နေရာ ကိုယ့်ကားနဲ့ကိုယ် အရောက်လာပစ်ရတာတောင် အမှိုက်တန်ချိန်ပြီး ဖျက်ခကောက်တယ်။ စင်္ကာပူမှာ ရေချိုကို ပြန်သုံးကြတယ်။

ဥရောပမှာ ဘူးဖေးဆိုင်တွေများလို့မေးမိတော့ ဟင်းပွဲမှာပြီး ကျန်တာတွေ ကို အမှိုက်ဖြစ်တာများတာမျိုးမဖြစ်စေဘဲ ချက်တာ စားတာ ထိရောက်စေချင်လို့ဆိုတဲ့ အဖြေကြားမိခဲ့ဘူးတယ်။

လမ်းပေါ် ကိုယ်ပိုင်ကားတွေမများဖို့လုပ်ကြယုံမက ကားမဝင်ရဇုံတွေ ကားကင်းစင်နေရာတွေ မြို့တွေ ဂုဏ်ယူဆောက်နေကြတာ တွေ့နေရတယ်။

အမှိုက်တွေ ရေဆိုးတွေကို စရိတ်ကြီးခံပြီးသန့်ကြပြီး ကမ္ဘာမြေမညစ်ပတ်အောင် ကယ်တင်ကြတယ်။

နေစွမ်းအင်ပိုသုံးလာကြတယ်။

CO2 ထွက်တာကို စောင့်ကြည့်ပြီးမှ လုပ်ငန်းတွေခွင့်ပေးတယ်။ စက်ရုံတွေကို သေချာကြပ်မတ်ကြတယ်။ လေကို အမြဲတိုင်းပြီး ဂရုစိုက်နေကြတယ်။

စိတ်ပူမယ်ဆိုရင် အခု ကိုယ်တွေမန္တလေးတောင် အဝီစိတွင်းက တစ်သိန်းကျော်သွားပြီ၊

သုံးတဲ့ရေတွေ အများစုလည်း မြစ်ထဲချောင်းထဲအများစု ရောက်ဆဲဘဲ။

လွယ်လွယ်ခပ် များများသုံး ပေါပေါပစ်ပြီး ရေဖြုန်းကြ သလို မီးလည်း မချွေတာကြဘူး။မီးစက်တွေ အလွယ်နိုးကြသလို ဖုန်းတွေကဓာတ်ခဲလို အန္တရယ်ရှိတဲ့ ဆေးရုံစွန်ပစ်ရေလို ညစ်ပတ်တာတွေ အများမြောင်းပစ်တယ်။

အချို့စက်မှု့ဇုံကစက်ရုံတွေဆို ရေဆိုးကို ဘောက်ဆာကားနဲ့ထည့်ပြီး အများပိုင်နေရာတွေ ခိုးပြစ်ကြဆဲဘဲ။

အများမြောင်းထဲလည်း ထည့်နေကြပေမဲ့ အရေးယူနိုင်စွမ်းတော့ နဲနေသေးတယ်။

တကယ်တော့ သဘာဝပတ်ဝန်းကျင်ကြောင့် ချွေတာနေသူတွေက သူတို့ ဝင်ငွေတွေနဲ့ဆို သုံးနိုင်ပေမဲ့ နှမြောလို့ မဟုတ်ဘဲ အနာဂတ် မပျက်စီးဖို့ စိတ်ထားပြီး ထိန်းသိမ်းကြတယ်။

ကိုယ်တွေဆီမှာတော့ ဘုရင်ကနွားနို့ တခွက်စီ စဉ့်အိုးထဲထည့်ခိုင်းသလို ကိုယ်တစ်ယောက်ထဲ ရေထည့်တာမှာ ဘယ်သူမှ မသိပါဘူးကွာဆိုပြီး လူတိုင်းနို့မထည့်ကြလို့ နို့တစ်စက်မှမရသလိုဘဲ
ကိုယ်လုပ်တာနဲနဲ ကိစ္စမရှိပါဘူးကွာတွေများပြီး အားလုံး ထိခိုက်ဖို့တွေဖြစ်လာတယ်။

အခု လေတွေမသန့်တော့ ရေတွေမသန့်တော့ ၊ အဲဒီကနေ မြစ်တွေမသန့်တော့ ကန်တွေမသန့်တော့ နဲ့ ကြာရင် သက်ရှိတွေပါ ထိခိုက်ဖို့ တာစူနေသလို ဖြစ်လာနေပြီ။

ဆင်းရဲလို့ပါ ကွာဆိုတာထက် ပညာမဲ့တာလို့ပြောနိုင်ပေမဲ့ တကယ်က တော့ သီလမရှိတာလို့ဆိုရင်ပိုမှန်မယ်။ထိမ်းသိမ်းမှု့မရှိတဲ့လူမျိုးလိုဖြစ်နေတယ်။

ရှေးက ကုဋေကြွယ်သူဌေးသား သိုထားမတတ် အရပ်ရပ်ဆိုတာလိုဘဲ ကိုယ်နေတဲ့ နေရာကို သားရေပေါ်အိပ် သားရေနားစားနဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်နေကြတဲ့ အကုသိုလ်နေစဉ်ကျူးလွန်နေကြသူများ ဖြစ်နေကြပြီလားလို့ တွေးမိတယ်။

ဘယ်သူမပြုမိမိမှု့ ကိုယ်စိုက်တဲ့ အသီးကိုယ် စားရတဲ့ ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်လုပ်ကိုယ်စံ လောကကြီးမှာ ရပ်ပြစ်ရှစ်ပါးဝင် အရပ်မဖြစ်ကြစေချင်ရင်တော့ တစ်နေ့တစ်ခြားပူနွေးလာတဲ့ ရာသီဥတုကြမ်းလာတဲ့ ခေတ်ကြီးမှာ အရင်းအမြစ်တွေကို မချစ်တတ်ရင် မထိမ်းတတ်ရင် ထိမ်းဖို့လိုတာသိတဲ့ အစိုးရတွေက အလိုလိုက်ပြီး အဘောကောင်းပြရင် ဖျက်စီးနေသူတွေအရေးမယူရင် တိုင်းပြည်ထိခိုက်မယ်ဆိုတဲ့ အသိလေးတွေ နဲ့ အုပ်ချုပ်သင့်တယ်။

တစ်လှေထဲစီး ခရီးသွားသူတွေ အန္တရယ်ကင်းဖို့ ခရီးသည်တွေကိုယ်ခုံအောက် ကိုယ်ပိုင်လို့ ကိုယ်ဖောက်တာဘဲဆိုတဲ့ လှေဝမ်းဖောက်နေကြတဲ့ သူတွေကို အရေးယူရမည့်သူတွေက အရေးမယူရဲရင်၊ ဘေးက မြင်သိသူတွေက ကိုယ်နဲ့မဆိုင်ဘူးဆိုတာတွေ နဲ့ လွတ်ထားရင်တော့ တစ်နေကျရင် နောင်တရကြပါလိမ့်မယ်လို့ သတိပေးပါရစေ။ အားလုံးကို နားလည်သဘောပေါက်စေချင်လို့ပါ။

Ye Myat Thu (မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ် ပေးပါသည်)

Add a Comment

Your email address will not be published. Required fields are marked *