အိန္ဒိယ ရေငုပ်သင်္ဘော INS SINDHUVIR MODERNIZATION (သို့မဟုတ်) မြန်မာတို့၏ ရေငုပ်သင်္ဘော “မင်းရဲသင်္ခသူ”၏ အရင်ဘဝ

အိန္ဒိယ ရေငုပ်သင်္ဘော INS SINDHUVIR MODERNIZATION (သို့မဟုတ်) မြန်မာတို့၏ ရေငုပ်သင်္ဘော “မင်းရဲသင်္ခသူ”၏ အရင်ဘဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရေတပ်သည် မကြာမှအချိန်အတွင်း အိန္ဒိယနိုင်ငံမှ Kilo Class အတန်းအစား ဒီဇယ်အီလက်ထရစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောအား “မင်းရဲသင်္ခသူ” အမည်ဖြင့် တပ်တော်ဝင်အသုံးပြုခဲ့ပြီ ဖြစ်ပါသည်။

မြန်မာတို့ ရေငုပ်သင်္ဘော မင်းရဲသင်္ခသူ

အဆိုပါရေငုပ်သင်္ဘောသည် အိန္ဒိယနိုင်ငံတွင် INS Sindhuvir အမည်ဖြင့် အသုံးပြုခဲ့သော ရေငုပ်သင်္ဘောဖြစ်သည်။၎င်းသည် ၁၉၈၈ ခုနှစ်တွင် စတင်တပ်တော်ဝင်ခဲ့ပြီး အိန္ဒိယ ရေတပ်ထံတွင် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။

အိန္ဒိယ ရေတပ်သည် ၁၉၈၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း ရုရှားနိုင်ငံထုတ် Kilo အတန်းအစားရေငုပ်သင်္ဘော ၁၀ စီးအား ဝယ်ယူခဲ့သည်။၎င်းတို့ထဲတွင် မြန်မာရေတပ်မှ တစ်ပါတ်ရစ်ဝယ်ယူခဲ့သော INS Sindhuvir (S58) သည် လေးစီးမြောက်ဖြစ်ခဲ့သည်။

အမှန်တစ်ကယ်တမ်းတွင် S-58 ရေငုပ်သင်္ဘော၏ အကြောင်းသည် များများစားစားဖော်ပြရန်မရှိပေ။၎င်းသည် Kilo Class ရေငုပ်သင်္ဘောဖြစ်သည် နှင့်အညီ လိုက်လျှောညီထွေရှိသော ခေတ်မီနည်းစနစ်များနှင့် လက်နက်စနစ်များတပ်ဆင်ထားမည်ဖြစ်ပေသည်။

သို့သော် ရေငုပ်သင်္ဘော၏ တည်ဆောက်မှုသမိုင်းကြောင်းစဉ်လာသည် များစွာရှုပ်ထွေးမှုရှိပြီး အဆင့်မြှင့်တင်မှုများစွာပြုလုပ်ထားသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။အထူးသဖြင့် ၎င်းသည် Kilo ရေငုပ်သင်္ဘောဟုခေါ်ဆိုသော်လည်း သက်တမ်းကြီးရင့်ခြင်းနှင့်အတူခေတ်ပေါ် နည်းစနစ်များဖြင့် ပေါင်းထည့်ထားခြင်းကြောင့် မူလ Kilo များနှင့်အနည်းငယ်ကွဲပြားသွားလေသည်။

S-58 ရေငုပ်သင်္ဘောအား ဆိုဗီယက်ပြည်ထောင်စု Sevmash သင်္ဘောကတည်ဆောက်ပေးခဲ့သည်။Kilo မျိုးကွဲလက်အောက်ရှိ Project-877 ခေါင်းစဉ်အောက်တွင်ပါဝင်သောရေငုပ်သင်္ဘောဖြစ်သည် ။

၁၉၈၇ တွင်ရေချစမ်းသပ်ပြီး အိန္ဒိယရေတပ်အတွက် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ရေငုပ်သင်္ဘော၏ ယေဘူယျစံနှုန်းသည် စတင်တည်ဆောက်စဉ်က Project-877 အတိုင်းဖြစ်လေသည်။

အင်ဂျင်ပိုင်းဆိုင်ရာတွင် 1500kW စွမ်းအင်ရှိသော အင်ဂျင် နှစ်လုံးအသုံးပြုထားသည်။ဒီဇယ်အင်ဂျင် ၁၇၂ တန်တင်ဆောင်နိုင်ပြီး ရေငုပ်သင်္ဘောသား ၅၇ ဦး တာဝန်ထမ်းဆောင်ရသည်။ ရေပေါ်နှင့် ရေအောက်သွားလာမှုအတွက် စနစ်ခွဲခြားထားခြင်းမရှိဘဲ ပုံမှန်ဝင်ရိုးတစ်ခုတည်းဖြင့် လည်ပါတ်သည်။

အီလက်ထရစ်မော်တာသုံးလုံးပါပြီး တစ်လုံးမှာ မြင်းကောင်ရေ ၅၅၀၀ ရှိပြီး ကျန်နှစ်လုံးမှာ မြင်းကောင်ရေ ၁၅၀ နှင့် ၁၀၇ အသီးသီး ရှိ အရန်လျှပ်စစ်မော်တာဖြစ်သည်။
အင်ဂျင်ခန်းသည် အထူးပြုလုပ်ထားပြီးအသံလုံရာဘာပြားများနှင့် အသံစုတ်ယူသော နံရံများတပ်ဆင်ထားသည့် သီးသန့် အင်ဂျင်ခန်းထဲတွင်တည်ရှိသည်။

အသွားခြောက်ခုပါဝင်သောပန်ကာစနစ်တပ်ဆင်ပေးထားပြီး အသံဆူညံမှုကိုလွန်စွာလျှော့ချပေးသောခုတ်မောင်းစနစ်ဖြစ်သည်။သို့သော် အရှိန်နှုန်းနှေးကွေးပြီး အမြန်လိုပါက အပါတ်ရေများစွာ လည်ပါတ်ခုတ်မောင်းရလေသည်။

အရန်ခုတ်မောင်းစနစ်အဖြစ် Water Jet Thruster စနစ်အသေးစားနှစ်ခုပါဝင်သည်။

(Red October ဇာတ်ကားထဲမှ ခူကောင် စနစ်မျိုး ) ၎င်းစနစ်သည် ရေအသွင်းအထုတ်နည်းလမ်းဖြင့်မောင်းနှင်ရသော စနစ်မျိုးဖြစ်ပြီး ရေငုပ်သင်္ဘော၏ နောက်ဆုံးအဆင့် အသံတိတ်ချီတက်မှုများတွင်အသုံးပြုလေသည်။

Lead Acid Battery ယူနစ် ၂၄၀ အားနှစ်သုတ်ခွဲကာတပ်ဆင်ထားသည်။ ၎င်းဘက်ထရီများသည် ရေအောက်တွင် အရှိန်နှုန်းနှေးနှေးဖြင့် ရေငုပ်သင်္ဘောအား နှစ်ပါတ်အထိ နေထိုင်စစ်ဆင်နိုင်စေသည်။သို့သော် အဆိုပါ ဘက်ထရီများသည် အပူပိုင်းဒေသရေတပ်များတွင် ပြသနာပေါ်ပေါက်သောကြောင့် နောင်တွင်ပိုမိုကောင်းမွန်သောအမျိုးအစားများကို အစားထိုးအသုံးပြုပေးခဲ့ရသည်။

Submarine Rescue System အဖြစ် Rescue Pod တစ်ခုအား ကိုယ်ထည်နှင့်တွဲလျှက်တပ်ဆင်ပေးထားသည်။ မီတာ ၂၅၀ အနက်မှပင် ရေပေါ်သို့ ပေါ်လောပေါ်လာနိုင်စေသော အသက်ကယ်ယာဉ်ဖြစ်လေသည်။

အိန္ဒိယတို့ INS Sindhuvir Modernization အမည်ဖြင့် အသုံးပြုခဲစဉ်

ရေငုပ်သင်္ဘောသည်ရေပေါ်ခုတ်မောင်းချိန်တွင် ရေမိုင် 10knot ကျော်သည်အထိ ခုတ်မောင်းနိုင်သည်။ ရေအောက်တွင် စစ်ဆင်ရေးမလုပ်ဘဲ လျှင်မြန်စွာမောင်းနှင်လိုပါက 21Knot အထိ အရှိန်တင်နိုင်သည်။

ရေငုပ်သင်္ဘော၏ ခုတ်မောင်းစနစ်နှစ်ခုတွင် ပန်ကာစနစ်ကို အသုံးပြုပါက 7knot အထိအသံလုံခြုံစွာမောင်းနှင်နိုင်သည်။ အဆိုပါအရှိန်နှုန်းတွင် ရေငုပ်သင်္ဘော၏ အသံဆူညံမှုသည်ရေအောက်ရှိအခြားဆူညံသံများလောက်ပင်ဖြစ်ပြီး သရုပ်ခွဲရန်ခက်ခဲသည်။

Cat And Mouse ဟုခေါ်ဆိုသော ရန်သူ့စစ်ရေယာဉ် များအားလိုက်ပါထောက်လှမ်းသော အသံလုံစစ်ဆင်ရေးတွင် ရေငုပ်သင်္ဘော၏ နောက်ဘက်ရှိ Water Jet Thruster များကို Kilo ရေငုပ်သင်္ဘောမှ အသုံးပြုနိုင်သည်။ အဆိုပါ စနစ်ကိုအသုံးပြုပါက 3knots အထိမောင်းနှင်နိုင်သည်။

သို့သော် Water Jet Thruster အသုံးပြု၍ 5knots အရှိန်ထိတင်ပြီးမောင်းနှင်လျှင်တောင်မှ Kilo ရေငုပ်သင်္ဘော၏ တိတ်ဆိတ်မှုသည် Low-Noise Speed ဟုခေါ်သော အရှိန်နှင့် အသံလုံမှုအချိုးညီသော အဆင့်ရှိသည်။

ထိုအနေအထားတွင် ရေငုပ်သင်္ဘော၏ တိတ်ဆိတ်မှုမှာ အသံမရှိသလောက်ဖြစ်သည်။ ရေငုပ်သင်္ဘောအတွင်းပိုင်း အသံလုံခန်းထဲရှိ အီလက်ထရစ်မော်တာမောင်းနှင်သံမှတပါးမည်သည့် ပန်ကာလည်ပါတ်သံ ဝင်ရိုးလည်ပါတ်သံမှပင် မရှိနိုင်တော့ချေ။

လက်နက်တပ်ဆင်မှုတွင် 533mm တော်ပီဒိုပြွန်ခြောက်ခုတပ်ဆင်ထားသည်။

ပြွန်ခြောက်ခုတွင် အပေါ်ဘက်ရှိနှစ်ခုမှ လူကိုယ်တိုင်ထိမ်းချုပ်ပစ်ခတ်ရန်တီထွင်ထားသော RC Torpedo များပစ်ခတ်နိုင်သည်။ တော်ပီဒို ၁၈ လုံးတင်ဆောင်နိုင်ပြီး အသင့်ပစ်ခတ်ရန် ခြောက်လုံးနှင့် အလိုအလျှောက်ကျည်ထိုးစက်တွင်၁၂ လုံးတပ်ဆoင်ထားသည်။တော်ပီဒိုအား အလိုအလျှောက်ကျည်ဖြည့်စက်ဖြင့် ဖြည့်သွင်းနိုင်သည်။ Project -877 တွင် ပဲ့ထိန်းစနစ် နှင့် အာရုံခံစနစ်အမျိုးမျိုးအစားမတူညီသော တော်ပီဒိုများ အသုံးပြုနိုင်သည်။

ပင်မထောက်လှမ်းရေးဆိုနာအဖြစ် MGK-500 Rubicon ဆိုနာအားအသုံးပြုထားသည်။

INS Sindhuvir ရုရှားနိုင်ငံသို့ အဆင့်မြှင့်တင်ပြင်ဆင်ရန်ရောက်လာစဉ်
Active/ Passive နှစ်မျိုးသုံးဆိုနာဖြစ်ပြီး Active Mode တွင် 20km အထိ ထောက်လှမ်းနိုင်ပြီး Passive Mode တွင် စစ်သင်္ဘော၏ အသံအား 80km မှပင်ဖမ်းယူနိုင်သည်။

ထို့အပြင် Sonar Communication အားကြားဖြတ်ဖမ်းယူခြင်း ရန်သူ့ Active Sonar အား ကြားဖြတ်ဖမ်းယူခြင်း နှင့် အသံဆူညံမှုများအားခွဲခြားခြင်းတို့လည်းပြုလုပ်နိုင်သည်။

Snorkles ခေါင်းတိုင်နှင့်အတူ MRK-50 ဘက်စုံသုံးရေဒါပါဝင်သည်။ ရေမျက်နှာပြင်အမြင့်တွင်ပင် ဖရီးဂိတ်အရွယ်အစားပစ်မှတ်ကို 20km အတွင်းဖမ်းယူနိုင်သည်။

Periscope နှစ်စုံပါဝင်ပြီး လှိုင်းနှုန်းတန်ပြန်ထောက်လှမ်းရေးအတွက် MRP-25 Radar Detector တပ်ဆင်ပေးထားသည်။ VHF Communication နှင့် Satellite Communication တို့ အသုံးပြုနိုင်သည်။မြန်မာရေတပ်တွင်အသုံးပြုမည့် S-58 ရေငုပ်သင်္ဘောမှာ ၁၉၉၆ ခုနှစ်ထိ အထက်ပါ Project-877 စံနှုန်းအတိုင်း တပ်ဆင်ထားပေသည်။

သို့သော် 1996 ခုနှစ်တွင် အိန္ဒိယရေတပ်သည် ပိုမိအဆင့်မြင့်သော Project-877.3 သို့မဟုတ် Project-877EKM အဆင့်သို့ မြှင့်တင်ရန်အတွက် ရုရှားနိုင်ငံနှင့် နှစ်ရှည် စာချုပ်ချုပ်ဆိုခဲ့သည်။

စာချုပ်အရ INS Sindhuvir ရေငုပ်သင်္ဘော သည် ပထမဆုံး Project-877.3 ရေငုပ်သင်္ဘောအဖြစ် ၁၉၉၇ တွင် အဆင့်မြှင့်တင်နိုင်ခဲ့လေသည်။

Project-877.3 တွင် နေရာအတော်များများတွင် ယခင်ရေငုပ်သင်္ဘောများအတိုင်းဖြစ်သော်လည်း လက်နက်စနစ် ကွပ်ကဲရေးစနစ် ထောက်လှမ်းရေးစနစ်များနေရာတွင် အောက်ပါအတိုင်းအနည်းငယ်ပြုပြင်ပြောင်းလဲမှုရှိလာသည်။

– မူလတော်ပီဒိုများပစ်ခတ်နိုင်သည့်အပြင် ပြွန်ခြောက်ခု၏ အပေါ်နှစ်ခုမှ Club-S သင်္ဘောဖျက်ခရုဇ်ဒုံးပျံပစ်ခတ်နိုင်စွမ်းရှိလာသည်။ ၎င်းဒုံးပျံအားရေငုပ်လျှက်အနေအထားမှပင်ပစ်ခတ်နိုင်သည်။

-3M54 အမျိုးအစား သင်္ဘောဖျက်ဒုံးပျံလေးစင်းအထိသယ်ဆောင်ပစ်ခတ်လာနိုင်သည်။ ပိုမိုအဆင့်အတန်းမြင့်မားသော တော်ပီဒိုများ အသုံးပြုလာနိုင်သည် (နောင်မှ လက်နက်များအကြောင်း သီးသန့်ရေးသားပါဦးမည်)

-စွမ်းဆောင်ရည်နိမ့်ကျသော မူလ ဘက်ထရီများနေရာတွင် EXIDE Industries မှ ထုတ်လုပ်သည့် ဘက်ထရီအသစ်များဖြင့် အစားထိုးတပ်ဆင်ထားသည်။

-မူလ တပ်ဆင်ထားသော ပေါင်းစပ်တိုက်ပွဲဝင်ကွပ်ကဲရေးစနစ်တွင် ဒေတာစီးဆင်းမှုများစွာမြန်ဆန်မှုရှိသော LAMA-EKM စနစ်အားပြောင်းလဲတပ်ဆင်ထားသည်။

၎င်းသည် ဆိုနာအပါအဝင် သင်္ဘော၏ တိုက်ပွဲဝင်စနစ်များဖြင့် ချိတ်ဆက်ထားပြီး လက်နက်ပစ်ခတ်ရေးအတွက်ပေါင်းစပ်ဆောင်ရွက်နိုင်သော Integrated Combat Control System ဖြစ်သည်။

-ပင်မဆိုနာနေရာတွင်MGK-400M ‘Rubicon-M’ ဆိုနာအဖြစ်အဆင့်မြှင့်ထားသည်။ မူလ ဆိုနာအားအဆင့်မြှင့်ထားခြင်းသာဖြစ်သည်။

ဆိုဗီယက်ခေတ် Kilo ရေငုပ်သင်္ဘော၏ အတွင်းပိုင်း
ထောက်လှမ်းရေးစွမ်းရည်နှင့် ပစ်မှတ်အားတိကျစွာလမ်းညွှန်နိုင်မှု မြန်ဆန်စွာတည်နေရာဖော်ထုတ်နိုင်မှုတို့တွင် စွမ်းဆောင်ရည်တိုးတက်လာသည်။

စစ်ဆင်နိုင်မှုအကွာအဝေး တိုးတက်မလာပေ။

-ဆက်သွယ်ရေးစနစ်နေရာတွင် အိန္ဒိယပြည်တွင်း၌ ထုတ်လုပ်သော CSS-MK Communication System အားတပ်ဆင်ထားသည်။

-ရေငုပ်သင်္ဘောများအတွက် အရေးပါသော Towed Communication Antenna ပါဝင်လာသည်။

ရေအောက်မှငုပ်လှိုးနေစဉ်ပင် ရန်သူ့ထောက်လှမ်းမှုမခံရဘဲ မိမိတပ်ဖွဲ့များနှင့် ဆက်သွယ်နိုင်သည်။ တစ်နည်းအားဖြင့် မိမိတပ်ဖွဲ့နှင့်ဆက်သွယ်မှုလုပ်ရန် အချိန်တိုင်းရေပေါ်တက်စရာမလိုပေ။

အထက်ပါအချက်များသည် ၁၉၉၇ ခုနှစ်တွင် အလယ်လတ်တန်းစား Refit နှင့် အဆင့်မြှင်တင်မှုတစ်ကြိမ်ပြုလုပ်ထားသော INS Sindhuvir ရေငုပ်သင်္ဘော၏ အချက်အလက်ဖြစ်သည်။ထိုသို့အဆင့်မြှင့်တင်မှုများပြုလုပ်ပြီးနောက် အိန္ဒိယရေတပ်၏ Kilo ရေငုပ်သင်္ဘောများဆက်လက်အသုံးပြုခဲ့ရာတွင် ၂၀၁၀ခုနှစ်ရောက်သောအခါ ရေငုပ်သင်္ဘောများ၏ Midlife Upgrade Plan သည် နီးကပ်လာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် သက်တမ်းအရင့်ဆုံးရေငုပ်သင်္ဘော ငါးစီးအားစတင်၍ သက်တမ်းဝက်ကြံခိုင်ရေးနှင့် အဆင့်မြှင့်တင်ရေး (Midlife Refit And Modernization -MRAM) အစီအစဉ် စတင်ခဲ့သည်။

အဆိုပါ Upgrade Plan အတွင်းတွင် သင်္ဘောများတစ်စီးနှင့် တစ်စီးသည် တူညီမှုမရှိကြဘဲ ရုရှားနိုင်ငံတွင် ငါးစီး အိန္ဒိယတွင် ရုရှား၏အကူအညီဖြင့် ငါးစီး ခွဲခြားပြုလုပ်ခြင်းဖြစ်သည်။

အချို့ကလဲ ၆ စီး ၄ စီးဟု ဆိုသည်။ ရေငုပ်သင်္ဘောတစ်စီးချင်းစီ စတင်ဆောင်ရွက်ခဲ့ရာတွင် INS Sindhuvir အား Refit ပြုလုပ်မှုအား ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်နိုင်ခဲ့သည်။

၂၇ လ ကြာသော အဆင့်မြှင့်တင်ရေးအစီအစဉ်တွင် INS Sindhuvir ရေငုပ်သင်္ဘောထံ၌ ပြောင်းလဲမှုအချို့ရှိလာခဲ့သည်။

-Anechotic Ties အသစ်များတပ်ဆင်ပြီး အသံလုံစွမ်းရည်အား ထိမ်းသိမ်းထားခြင်း မျိုးဆက်သစ် အသံလုံရာဘာပြားများတပ်ဆင်ခြင်းကိုပြုလုပ်ထားသည်။

-မူလတပ်ဆင်ထားသော MGM-400 ဆိုနာနေရာတွင် DRDO ကုမ္ပဏီထုတ် USHUS ဆိုနာအသစ်အားတပ်ဆင်ခြင်းပြုလုပ်ခဲ့ပြီး လက်နက်ပစ်ခတ်မှုဆိုင်ရာစနစ်များအားလည်းပိုမိုကောင်းမွန်စေရန်အဆင့်မြှင့်တင်ထားသည်။

-Project-877.3/EKM အား Project-636 ထံတွင်ပါဝင်သော လက်နက်ပစ်ခတ်မှုစနစ်များရရှိစေရန် အဆင့်မြှင့်တင်ခြင်းဖြစ်သောကြောင့် မူလပစ်ခတ်နိုင်သော 3M54 ဒုံးပျံသာမက 3M14 သို့မဟုတ် Klub မြေပြင်ပစ်ဒုံးပျံကို ထည့်သွင်းပစ်ခတ်နိုင်မည်ဖြစ်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံပြည်တွင်းထုတ် တော်ပီဒိုစနစ်များ ပစ်ခတ်လာနိုင်ဖွယ်ရာရှိသည်။

-၁၉၉၆ ခုနှစ်တွင် တပ်ဆင်ထားသော Towed Communication Antenna နေရာတွင် ပိုမိုကောင်းမွန်ပြီး ရေအနက်ပိုင်းမှလွှင့်ထုတ်နိုင်သော ကေဘယ်အင်တင်နာဖြင့် အစားထိုးခြင်းပြုလုပ်ခဲ့သည်။

-ရေငုပ်သင်္ဘော၏ တိုက်ပွဲဝင်စနစ်များအဆင့်မြှင့်တင်ခြင်းပြုလုပ်ခဲ့ပြီး ရုရှားသုံးစနစ်များအချို့နေရာတွင် အိန္ဒိယစနစ်များ အစားထိုးခဲ့သည်။

-ရေငုပ်သင်္ဘော၏ ပါယ်ရီစကုပ်မှန်ပြောင်း များအား ပိုမိုကောင်းမွန်ပြီး ခေတ်မီသောမျိုးဆက်သစ်မှန်ပြောင်းများဖြင့် အစားထိုးသည်။

-ရေကြောင်းလမ်းညွှန်စနစ်တွင် SIGMA 40 INS စနစ်အားအစားထိုးတပ်ဆင်ထားသည်။

-သင်္ဘော၏ မောင်းနှင်စနစ်အား မူလ Pirit မှ Pirit-M ဟုခေါ်ဆိုသော ခေတ်မီစနစ်အဖြစ်ပြောင်းလဲလိုက်သည် ။ အဆိုပါစနစ်တွင် ရေငုပ်သင်္ဘောအား 3D Control ရရှိမည်ဖြစ်သည်။

ယခင် Kilo အဟောင်းများတွင် သမရိုးကျ လက်ကိုင်ဘီးဖြင့်သာမောင်းနှင်ရသည်။ Pirit-M တွင်မူ Control Stick အသုံးပြုသည့်မောင်းနှင်လက်ကိုင်ပါဝင်သည်။

ထို့အပြင် သင်္ဘော၏ ပဲ့ရွက် (Rudder) များကို တစ်ခုချင်းစီ Manual ကိုင်တွယ်နိုင်သော အရေးပေါ် Remote Control System ပါလေသည်။

၎င်း၏ Console ခုံပေါ်တွင် မော်နီတာနှစ်ခုနှင့် ဖန်သားပြင်စနစ်တို့ပါဝင်သည်။ ၎င်းတို့တွင် INS လမ်းညွှန်စနစ်သာမက သင်္ဘောတစ်စီးလုံး၏ သွားလာလှုပ်ရှားမှုကိုပေါင်းစပ်ဖော်ပြသည့်စနစ် နှင့် တိုက်ပွဲဝင်စနစ်အခြေအနေတို့ကို ဖော်ပြထားပေသည်။

အထက်ပါဖော်ပြချက်များမှာ အင်တာနက်တွင်ဖော်ပြထားသော နောက်ဆုံးပြုလုပ်ထားသည့် အိန္ဒိယ Kilo ရေငုပ်သင်္ဘောများ၏ အဆင့်မြှင့်တင်မှုဖြစ်သည်။

အခြားအသေးစိတ်ဆောင်ရွက်ချက်မျစွာရှိသော်လည်း အင်တာနက်စာမျက်နှာများတွင်ဖော်ပြထားသော အချက်အလက်များထဲမှ ထင်သာမြင်သာရှိသော အချက်အလက်များကိုသာဖော်ပြထားခြင်းဖြစ်ပါသည်။

အိန္ဒိယသည် လက်ကျန် Kilo ရေငုပ်သင်္ဘောများကိုလည်း ထပ်မံအဆင့်မြှင့်တင်မည်ဖြစ်ပြီး USHUS-2 ဆိုနာကဲ့သို ပိုမိုကောင်းမွန်သော ဆိုနာတပ်ဆင်သွားဦးမည်လည်းဖြစ်သည်။

S-58 INS Sinduhvir ရေငုပ်သင်္ဘော၏ သက်တမ်းမှာ အနည်းငယ်စိုးရိမ်ဖွယ်ရာဖြစ်သည်။ အတွင်းပိုင်းတွင် မျိုးဆက်သစ်စနစ်များစွာပေါင်းစပ်ထည့်သွင်းထားပြီး ပြင်ပကိုယ်ထည်ကြံ့ခိုင်မှုများအား ဆောင်ရွက်ထားသော်လည်း ရေငုပ်သင်္ဘော၏ သက်တမ်းမှာ ၃၂ နှစ်ရှိပြီဖြစ်သည်။

အသုံးပြုသောသက်တမ်းတစ်လျှောက်တွင် ၁၉၉၆ မှ ၁၉၉၉ ခုနှစ်ထိ တစ်ကြိမ် ၂၀၁၇ မှ ၂၀၁၉ အထိ တစ်ကြိမ် ၅၄ လကြာ သင်္ဘောကျင်းတွင်လွန်းတင်ပြင်ဆင်ခဲ့သည်။

ထို့ကြောင့် အနီးစပ်ဆုံးသော ရေငုပ်သင်္ဘော၏ သက်တမ်းမှာ နှစ် ၃၀ ဟုခန့်မှန်းရသည်။မူလက အိန္ဒိယရေတပ်၏ Kilo ရေငုပ်သင်္ဘောများ၏ သက်တမ်းအား ဆိုဗီယက်တို့မှ ၂၅ နှစ်သာ ပေးထားခြင်းဖြစ်သည်။သို့သော် ၁၂ နှစ်ကြာလျှင်တစ်ကြိမ် Refit ပြုလုပ်မည့် သဘောတူညီချက်ဖြင့် သက်တမ်း ၃၅ နှစ်အထိ အာမခံပေးခဲ့သည်။ယခု S-58 ရေငုပ်သင်္ဘောမှာ ၎င်းခွင့်ပြုထားသော Refit နှစ်ကြိမ်ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။

ထို့ကြောင့် နောက်ထပ် ၅ နှစ်သာ အသုံးပြုနိုင်မည်ဖြစ်သည်။အကယ်၍ မိမိတို့ ရေတပ်အနေဖြင့် အနာဂါတ်တွင် ရေငုပ်သင်္ဘောများထပ်မံအသုံးပြုလိုပါက ယခုအချိန်မှစ၍ ပြင်ဆင်မှုများပြုလုပ်ထားသင့်သည်ဟု ထင်မြင်ယူဆမိသည်။

မူရင်းရေးသားသူ ထက်အောင် အားလေးစားစွာ ခရက်ဒစ်ပေးပါသည်။

Add a Comment

Your email address will not be published. Required fields are marked *