လက်ရှိ တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – ရေတပ် (People Liberation Army Navy) ကို လေ့လာသုံးသပ်ကြည့်ခြင်း

လက်ရှိ တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – ရေတပ် (People Liberation Army Navy) ကို လေ့လာသုံးသပ်ကြည့်ခြင်း

လက်ရှိ တရုတ်ရေတပ်ကို လေ့လာသုံးသပ်ကြည့်ခြင်း

တရားဝင် နာမည်ကတော့ တရုပ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – ရေတပ် (People Liberation Army Navy) ပေါ့။ ဒါပေမယ့် ရှည်လျှားလွန်းလို့ တရုတ်ရေတပ်လို့ပဲ သုံးသွားပါမယ်။

* နိဒါန်း

တရုပ်ရေတပ်ကို ရေတပ်သုံးခုနဲ့ စစ်လက်ရုံးငါးခု ခွဲခြားထားပါတယ်။ ရေတပ်တွေကတော့ ပင်လယ်ဝါက မြောက်ပင်လယ်ရေတပ်၊ အရှေ့တရုတ်ပင်လယ်က အရှေ့ပင်လယ်ရေတပ်နဲ့ တောင်တရုတ်ပင်လယ်က တောင်ပင်လယ်ရေတပ်ပါ။ စစ်လက်ရုံးကြီးတွေကတော့ ရေပြင်သွားစစ်ရေယာဉ်တပ်ဖွဲ့၊ ရေငုပ်စစ်ရေယာဉ်တပ်ဖွဲ့၊ ကမ်းတက်တပ်ဖွဲ့၊ ရေတပ်ပိုင်‌လေတပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တို့ပါ။

လက်ရှိမှာ စစ်သည်အင်အား ၂၄၀၀၀၀ လောက်ရှိပါတယ်။ ရေငုပ်သင်္ဘော (SSBN, SSN, SSK) ၇၆ စီး၊ လေယာဉ်တင်သင်္ဘော ၂ စီး၊ ကမ်းတက်စစ်ဆင်ရေးရေယာဉ် (LPD, LST, LSM) ၇၁ စီး၊

ပင်မတိုက်ပွဲဝင်စစ်ရေယာဉ် (DDG, FFG, FS) ၁၃၈ စီး၊ ကမ်းရိုးတန်းတိုက်ပွဲဝင်စစ်ရေယာဉ်ငယ် (PM, PC, PG) ၁၈၀ စီး၊ မိုင်းရှင်းရေယာဉ် (MCM) ၂၉ စီး၊ ပင်လယ်ပြင်ထောက်ပံ့ရေးရေယာဉ် (AOE, AOR) ၁၇ စီးနဲ့ အခြားအရန်စစ်ရေယာဉ် (AS, AK, AGOS စသည့်) ၂၄၁ စီး တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်။

ဒီတော့ လက်ရှိ ၂၀၂၀ ပြီးကာစ ၂၀၂၁ အဝင်မှာ ရှိနေတဲ့ တရုတ်ရေတပ်ရဲ့ စစ်ဆင်ရေးစွမ်းရည်အမျိုးမျိုးကို လေ့လာကြည့်ကြရအောင်။

၁။ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေး (Antiair warfare)

တိုက်ပွဲဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိင်တဲ့ လေကြောင်းရန်ကာကွယ်‌ရေး Area Air Defense တာဝန်ယူနိုင်တဲ့ စစ်ရေယာဉ် ၆၁ စီး ရှိပါတယ်။ ဒီထဲမှာမှ တာဝေးပစ် S-300FM ဒါမှမဟုတ် HHQ-9A/B ပစ်နိုင်တဲ့သင်္ဘောက ၂၄ စီး ပါပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၀ တုန်းက ဒါမျိုးပစ်နိုင်တဲ့ စစ်ရေယာဉ်ဆိုလို့ Type-051C ၂ စီးနဲ့ Type-052C ၂ စီးပဲ ရှိခဲ့တဲ့အနေအထားကနေ တအားတိုးတက်လာတာပါ။

Type 052D ၉ စီးနဲ့ Type 055 ၇ စီးတည်ဆောက်နေဆဲမို့ ပိုပြီးတော့အားကောင်းလာဖို့ ရှိပါတယ်။ တာလတ်ပစ် Buk ဒါမှမဟုတ် ကော်ပီ HQ-16 တပ်ထားတဲ့ သင်္ဘောအရေအတွက်ကလည်း ဒီဆယ်နှစ်အတွင်းမှာ ၁၃ စီးကနေ ၃၇ စီးထိ တိုးတက်လာပါတယ်။ လေကြောင်းရန်ကာကွယ်ရေး အားကောင်းလာတာနဲ့အမျှ ကိုယ်ပိုင် မြေပြင်အခြေစိုက် လေကာထီးရိပ်အောက်ကနေ ထွက်ပြီး အဝေးပင်လယ်တွေမှာ စစ်ဆင်ဖို့ ပိုလုပ်လာနိုင်မှာပါ။

ကိုယ့်သင်္ဘောကို ကာကွယ်နိုင်တဲ့ Self defense တာတိုပစ်ဒုံးကတော့ HHQ-7 နဲ့ HHQ-10 ရှိပါတယ်။ ၁၀ စီးမှာ HHQ-7 တပ်ထားပြီးတော့ ၆၀ စီးမှာတော့ HHQ-10 တပ်ထားပါတယ်။

ပင်မတိုက်ပွဲဝင်စစ်ရေယာဉ်ထဲမှာ လေကာဒုံးလုံးလုံး တပ်မထားတာဆိုလို့ Type 053H1 ၃ စီး နဲ့ Type 053H1G ၄ စီးပဲ ကျန်ပါတယ်။ ဒီစစ်ရေယာဉ်တွေကတော့ ကမ်းခြေအခြေစိုက် လေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေး ထီးရိပ်အောက်ကနေ ထွက်ပြီးတော့ ကမ်းလွန်ပင်လယ်ပြင် စစ်ဆင်ရေးလုပ်ဖို့ အကန့်အသတ်ရှိပါလိမ့်မယ်။

ဒါပေမယ့် ဒီထဲက အများစုဖြစ်တဲ့ Type 056 ကော်ဗတ် အစီး ၆၀ က အစကတည်းက ကမ်းဦးရေတိမ်ပိုင်း စစ်ဆင်ရေးအတွက် ရည်ရွယ်တာမို့ ပြသနာတော့ သိပ်မရှိပါဘူး။

နောက်ထည့်တွက်ရမှာ တစ်ခုက လေယာဉ်တင်သင်္ဘော ၂ စီးထိ ရှိလာပြီဖြစ်တဲ့အတွက် သူတို့ပေါ်က တက်လာနိုင်တယ့် တိုက်လေယာဉ်တွေပဲ။ တစ်စီးမှာ J-15 တိုက်လေယာဉ် ၂၄ စီးစီလောက်ပါလာတာမို့ ကမ်းလွန်ပင်လယ်က တရုတ်ရေယာဉ်စုတွေအတွက် လေကြောင်းရန်ကာကွယ်ရေးတာဝန်ကို အပြင်ဘက်ဇုံ (Outer Air Battle) ကတည်းက တာဝန်ယူနိုင်မှာပါ။

ဒါပေမယ့် လေကြောင်းချီကြိုတင်သတိပေး လေယာဉ် (Fixed wing AEW) မတင်ဆောင်နိုင်သေးတာ AEW ရဟတ်ယာဉ်လည်း‌ ရေတပ်တစ်ခုလုံးမှာမှ ၁၀ စီးတည်း ရှိတာတွေကတော့ အားနည်းချက်ပါ။

၂။ ရေငုပ်သင်္ဘောဖျက်စစ်ဆင်ရေး (Antisubmarine Warfare)

ASW ကတော့ တရုတ်ရေတပ်အနေနဲ့ ခေတ်အဆက်ဆက် အားနည်းခဲ့တဲ့နေရာပါ။ ခုထိကို ရေငုပ်သင်္ဘောဖျက် တော်ပီဒိုတောင် မပါတဲ့ ဖရီးဂိတ်က ၁၃ စီး ရှိသေးတယ်။ ကျန်တဲ့ ပင်မတိုက်ပွဲဝင်စစ်ရေယာဉ်တွေမှာတော့ တော်ပီဒိုပါပါတယ်။

Type 037 ရေငုပ်သင်္ဘောဖျက် စစ်ရေယာဉ်တွေ တော်တော်များများ ရှိပေမယ့် သူတို့ကလည်း တော်ပီဒိုမပါတဲ့အပြင် ဆိုနာက Tamir 11/ SJD-3 ပဲဆိုတော့ ခုခေတ်ရေငုပ်သင်္ဘောတွေကို ထောက်လှမ်းဖို့ တိုက်ခိုက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ ရေငုပ်သင်္ဘောဖျက်ဒုံး Yu-8 တို့၊ SJG-206 towed array sonar တို့ကို စသုံးနိုင်တာကလည်း ၂၀၀၈ မှ။

ဒါပေမယ့် အခုအချိန်မှာတော့ စနစ်နှစ်မျိုးလုံး သုံးနိုင်တဲ့စစ်ရေယာဉ် ၄၆ စီး ရှိလာပြီ။ ဒါ့အပြင် Type 056 ကော်ဗတ်တွေထဲက ၃၈ စီးမှာလည်း SJG-206 တပ်ဆင်ထားတယ်။ Yu-8 တော့ မပစ်နိုင်ဘူးပေါ့။

ဒီရေယာဉ်တွေကတော့ ရေငုပ်သင်္ဘောဖျက်စစ်ဆင်ရေးမှာ အားကိုးရမှာပါ။

တရုတ်ရေတပ်ကို ဒီနေရာမှာ ပိုအားနည်းစေတာကတော့ ရေတပ်အတွက် ASW ရဟတ်ယာဉ် နည်းလွန်းတာပဲ။ ပင်မတိုက်ပွဲဝင်စစ်ရေယာဉ်တွေထဲမှာ ASW ရဟတ်ယာဉ်တင်နိုင်တဲ့သင်္ဘာက ၁၃၁ စီးထိ ရှိတယ်။ ကော်ဗတ်တွေမှအပ ကျန်တဲ့ ဖျက်သင်္ဘောတွေ၊ ဖရီးဂိတ်တွေက ရဟတ်ယာဉ် ဆင်းကွင်းတင်မက ရဟတ်ယာဉ်ရုံပါပါတယ်။ ဒါပေမယ့် သူတို့တွေပေါ် ဆင်းနိုင်တဲ့ ရဟတ်ယာဉ်က ၅၇ စီးပဲ ရှိတယ်။

လေယာဉ်တင်သင်္ဘောတွေ၊ ကမ်းတက်စစ်ဆင်ရေးရေယာဉ်တွေပေါ်ပဲ ဆင်းမယ့် Z-8/Z-18 ကတော့ နောက်ထပ် ၃၁ စီး ရှိတယ်။ ဒါပေမယ့် ခုပြောတာ စုစုပေါင်း ရဟတ်ယာဉ် အရေအတွက်မှ အဲ့လောက်ရှိတာ။

Transportကော SAR ကော အကုန်ထည့်ပေါင်းထားတာ။ ASW variants သပ်သပ်ဆို ပိုတောင်နည်းမယ်။ ရဟတ်ယာဉ်တင်လားဆိုတော့ ပင်လယ်ပြင်ကင်းလှည့်ရေယာဉ်က ပိုတောင်ဆိုးသေး။ Y-8Q ၈ စီးလားပဲ ရှိတယ်။

ဒီတော့ သုံးသပ်ရရင် တရုတ်ရေတပ်ဟာ ASW မှာ အရင်ထက်စာရင် အများကြီး တိုးတက်လာပေမယ့် ကမ္ဘာ့ထိပ်တန်းအဆင့်ရောက်ဖို့ အများကြီးလိုသေးတယ်။ အမေရိကန်ကို ဂျပန်ကို မမီသေးဘူး။ အမေရိကန် ဒါမှမဟုတ် ဂျပန်ရေငုပ်သင်္ဘောတွေ ဒုက္ခပေးတာ ကောင်းကောင်းကြီး ခံလိုက်ရနိုင်တယ်။

၃။ ရေပြင်စစ်ဆင်ရေး (Antisurface Warfare)

ဒီနေရာမှာတော့ တရုတ်ရေတပ်က တော်တော်အားကောင်းပါတယ်။ ဖျက်သင်္ဘောကြီးတွေကအစ အမြန်တိုက်ခိုက်ရေးရေယာဉ်တွေအထိ တိုက်ပွဲဝင်စစ်ရေယာဉ်တိုင်းလိုလိုမှာ သင်္ဘောဖျက်ဒုံးတွေ တပ်ဆင်ထားကြပါတယ်။

အများစုကတော့ YJ-83 တွေ တပ်ဆင်ကြပါတယ်။ တိတိကျကျပြောရင် စစ်ရေယာဉ်ကြီးငယ်ပေါင်း ၁၉၂ စီးမှာ ဒီဒုံးကို တပ်ထားတာပါ။ ကော်ဗတ်တွေမှာ စစ်ရေယာဉ်တစ်စီးမှာ YJ-83 ၄ လုံးကနေ အချို့ဖျက်သင်္ဘောတွေမှာ ၁၆ စီးထိ တပ်ဆင်ထားတာကိုတွေ့ရပါတယ်။

ဒီကောင်က အသံအောက်နှုန်းနဲ့ ကီလိုမီတာ ၁၈၀ လောက်အထိ ထိရောက်တယ်။ Type 053H1 ဖရီးဂိတ် ၃ စီးပေါ်က SY-1 တွေနဲ့ Type 037IG/II ၂၆ စီးလောက်ပေါ်က YJ-8 တွေ‌ကတော့ ခေတ်မမီတော့ပါဘူး။

YJ-83 ထက်ခေတ်မီတဲ့ ဒုံးသုံးမျိုးလည်း အသုံးပြုပါတယ်။ အသံထက်နှေးပေမယ့် ကီလို ၄၀၀ အထိ ပစ်နိုင်တဲ့ YJ-62 ကို Type-052C တွေပေါ်မှာ သုံးတယ်။ ပုံမှန်မှာ အသံအောက်နှုန်းနဲ့ ပျံသန်းပြီး terminal phase မှာ အသံလွန်နှုန်းနဲ့ ဝင်ရောက်မယ့် YJ-18 ကိုတော့ ခေတ်အမီဆုံးဆိုတဲ့ Type 052D တွေ Type 055 တွေမှာ သုံးတယ်။

ဒီကောင်က ကီလို ၅၄၀ ထိရောက်တယ်။ အသံထက်မြန်ပြီးတော့ ကီလိုမီတာ ၄၀၀ အထိ ထိရောက်တဲ့ YJ 12 ကိုတော့ တစ်စီးတည်းသော Type 051B နဲ့ ရုရှားကဝယ်ထားတဲ့ Sovremenny တွေပေါ်မှာ သုံးတယ်။ ဒီဒုံးသုံးမျိုးလုံးက ဒီဆယ်စုနှစ်ထဲမှာ တပ်တော်ဝင်အသုံးပြုလာတာပါ။

ဒါပေမယ့်လည်း တပ်ထားသမျှ ဒုံးအားလုံးကို စွမ်းရည်ပြည့် ပစ်ခတ်နိုင်ဖို့ကတော့ မလွယ်ပါဘူး။ အထူးသဖြင့် missile boat တွေ ကော်ဗတ်တွေ ဖရီးဂိတ်အဟောင်းတွေမှာ တပ်ဆင်ထားတဲ့ ရေဒါစွမ်းပကားကြောင့် ပစ်နိုင်တဲ့အကွာအဝေး ကန့်သတ်ချက်များပါလိမ့်မယ်။

ဖျက်သင်္ဘောကြီးတွေနဲ့ Type 054A ဖရီးဂိတ်တွေကတော့ အားကောင်းတဲ့ရေဒါတွေကြောင့် ပိုပြီးထိထိရောက်ရောက် အသုံးချနိုင်ပါလိမ့်မယ်။ ဒါတောင် ရန်သူက မိုးကုတ်စက်ဝိုင်းလွန် (Over The Horizon) ဆို မလွယ်ပါဘူး။ ရန်သူက EMOCON မလုပ်ထားရင်တော့ Mineral-ME ရေဒါနဲ့ ပစ်လို့ရနိုင်ပါတယ်။ သင်္ဘောပါ ရဟတ်ယာဉ်နဲ့ ပစ်မှတ်ရှာပေး လမ်းညွှန်ပေးလို့ရပေမယ့် ရှေ့မှာ‌ပြောခဲ့သလို ရဟတ်ယာဉ်အရေအတွက် ကန့်သတ်ချက်က ရှိနေပြန်တယ်။

သင်္ဘောဖျက်ဒုံးပစ်လို့ရတဲ့ ဗုံးကြဲလေယာဉ်၊ ဗုံးကြဲတိုက်လေယာဉ်တွေလည်း တရုတ်ရေတပ်မှာ ရှိတယ်။ မြေပြင်အခြေစိုက် လေယာဉ်ကွင်းတွေ လိုတာရယ်၊ ဝေဟင်ဆီဖြည့်နိုင်စွမ်း နည်းပါးတာရယ်ကြောင့် First Island Chain လောက်ထိပဲ သုံးနိင်တာတော့ ကန့်သတ်ချက်ပေါ့။

အားကောင်းတဲ့ မြေပြင်အခြေစိုက် ယာဉ်တင်သင်္ဘောဖျက်ဒုံးတွေလည်း ရှိပါသေးတယ်။DF-21D လို ASBM တွေအပါအဝင်ပေါ့။ သုံးသပ်ရရင် မြေပြင်အခြေစိုက် လေကြောင်းအင်အား လက်လှမ်းမီတာအရပ်ဆိုရင် တရုတ်ရေတပ်ရဲ့ ASuW စွမ်းအားက ကြောက်စရာကောင်းလောက်အောင် ထိရောက်သလို အဲဒီထီးရိပ်ကျော်သွားရင်တောင် အားကောင်းနေဆဲပါ။

၎။ မြေပြင်တိုက်ခိုက်မှုစစ်‌ဆင်ရေး (Strike Warfare)

ဒီအပိုင်းမှာလည်း တရုတ်ရေတပ်ဟာ ခုဆယ်စုနှစ်မှာမှ ပီပီပြင်ပြင် အရွယ်ရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၀ မတိုင်မီက မြေပြင်ပစ်ခရုစ်ဒုံးကျည် (Land Attack Cruise Missile) ပစ်နိင်တဲ့ စစ်ရေယာဉ်ဆိုလို့ တရုတ်ရေတပ်တစ်ခုလုံးမှာ ရုရုားကနေ ၂၀၀၂ မှာမှ ဝယ်ယူထားတဲ့ Project 636 Kilo ရေငုပ်သင်္ဘော ၁၀ စီးပဲ ရှိပါတယ်။

အခုအခါမှာတော့ Type 052D နဲ့ Type 055 ဖျက်သင်္ဘောတွေ၊ Type 093G နူကလီးယားရေငုပ်သင်္ဘောတွေနဲ့ Type 039A ဒီဇယ်ရေငုပ်သင်္ဘောတွေစတဲ့ LACM တပ်ဆင်ထားတဲ့ စစ်ရေယာဉ် ၄၂ စီး ထပ်မံတိုးတက်လာခဲ့ပါပြီ။ အားလုံးက YJ-18 ရဲ့ မြေပြင်တိုက်ခိုက်ရေးမျိုးကွဲ‌တွေနဲ့ CJ-10 LACM ကို ပစ်နိုင်ကြပါတယ်။ Type 039A မှ အပပေါ့။ သူကတော့ YJ-18 ပဲ ပစ်နိုင်ပါတယ်။

ရေတပ်ပိုင်လေတပ်ရဲ့ မြေပြင်တိုက်ခိုက်ရေး စွမ်းရည်လည်း တိုးတက်လာပါတယ်။ ယခင်က ပဲ့ထိန်းဗုံးကြဲနိုင်တဲ့လေယာဉ်ဆိုလို့ Su-30MK2 တွေသာ ရှိခဲ့ရာကနေ ယခုအခါမှာတော့ CJ-10 တပ်ဆင်ထားတဲ့ H-6J ဗုံးကြဲလေယာဉ်တွေဟာ ဂူအမ်အထိကို ခြိမ်းခြောက်နိုင်ပါတယ်။

ဒါ့အပြင် JH-7 လေယာဉ်တွေမှာလည်း YJ-18 တွေ ပဲ့ထိန်းဗုံးတွေ (LS, LT နဲ့ FT စီးရီး) တွေတပ်ဆင်နိုင်လာပါတယ်။ First Island Chain အထိကို တရုတ်ရေယာဉ်တွေလေယာဉ်တွေက ကောင်းကောင်းထိန်းထားနိုင်ပြီးတော့ Second Island Chain အထိလည်း ခြိမ်းခြောက်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာအနှံခြေဆန့်ဖို့တော့ အရေအတွက်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေဆဲပါ။

၅။ ကမ်းတက်စစ်ဆင်ရေး (Amphibious Warfare)

တရုတ်ရေတပ် ကမ်းတက်စစ်ဆင်ရေးရေယာဉ်တွေရဲ့ အဓိက ကျောရိုးကတော့ Type 072 စီးရီး တင့်ကားတင်ကမ်းထိုးရေယာဉ် (LST) တွေနဲ့ Type 073 နဲ့ Type 074 စီးရီး အလတ်စားကမ်းထိုးရေယာဉ် (LSM) တွေပါ။ LST စုစုပေါင်း ၃၂ စီးနဲ့ LSM စုစုပေါင်း ၃၁ စီးပေါင်းလိုက်ရင် လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သည် ၁၂၀၀၀ လောက်ကို မိုင် ၁၀၀ ကျော်ကျယ်တဲ့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်းမှာ တရုတ်ရေတပ်အနေနဲ့ ပိုပြီးတာဝေးချီစစ်ဆင်ရေးလုပ်နိုင်တဲ့ Type 071 LPD တွေ Type 075 LDH တွေကို ပိုပြီးအားထည့်လာတာကို တွေ့ရပါတယ်။

ဒါဟာ တရုတ်အနေနဲ့ ထိုင်ဝမ်ကိုကျော်ကြည့်ပြီးတော့ အာရှပစိဖိတ်ကနေ အာဖရိကနဲ့ အတ္တလန္တိတ်ထိ ဖြန့်ကျက်ခြေချချင်တဲ့ အိမ်မက်တွေကို တွေ့နေရခြင်းပါ။ တစ်စီးကို တန်ချိန် ၂၅၀၀၀ ရှိတဲ့ LPD ၈ စီးရှိနေပြီဖြစ်သလို တစ်စီးကို တန်ချိန် ၄၀၀၀၀ ရှိတဲ့ LHD ၂ စီးဟာလည်း စမ်းသပ်ခုတ်မောင်းတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ပြသနာကတော့ ship to shore ပို့ပေးမယ့် ကမ်းထိုးရေယာဉ်နဲ့ ရဟတ်ယာဉ် မလုံလောက်တာပါ။ ဒ့ဟာ ကိုယ်တိုင်ကမ်းထိုးနိုင်တဲ့ LST တွေ LSM တွေမှာ ပြသနာမရှိပေမယ့် LPD နဲ့ LDH တွေအတွက် ပြသနာပါ။ အဓိက သုံးရမယ့် Type 726 LCAC ဟာဆို LPD ဖြစ်ဖြစ် LDH ဖြစ်ဖြစ် တစ်စီးမှာ LCAC ၄ စီးထိ တင်ဆောင်နိုင်ပေမယ့် ခုချိန်ထိ LCAC ၁၆ စီးပဲ ရေတပ်တစ်ခုလုံးမှာ ရှိပါတယ်။

Type 067 LCT တွေကိုပဲ အားထားရဦးမယ့် အနေအထားပါ။ ရဟတ်ယာဉ် မလုံလောက်တဲ့ကိစ္စကို ရှေ့မှာလည်း ပြောပြီးသလို ခုလည်း ထပ်ပြောရပါဦးမယ်။

ကမ်းတက်ဖို့ အဓိကသုံးရမယ့် အလတ်စားရဟတ်ယာဉ် Z-8/Z-18 က LPD တစ်စီးဆို ရဟတ်ယာဉ် ၄ စီး LDH တစ်စီးဆို အစီး ၃၀ ထိ တင်နိုင်ပေမယ့် ရေတပ်တစ်ခုလုံးမှာမှ အဲ့လိုရဟတ်ယာဉ် ၃၁ စီးပဲ ရှိပါတယ်။

၆။ မိုင်းစစ်ဆင်ရေး (Mine warfare)

ရှေ့ကပြောခဲ့သမျှ စစ်ဆင်ရေးတွေမှာ တရုတ်ရေတပ်အနေနဲ့ အရင်ထက်စာရင် သိသိသာသာ တိုးတက်လာပေမယ့် အာရုံစူးစိုက်မှု လျှော့ကျလာတဲ့ နေရာကတော့ ရေမြုတ်မိုင်းခင်းခြင်း ဖြစ်ပါတယ်။

သီးသန့်မိုင်းခင်းသင်္ဘောဆိုတာ မရှိပေမယ့် ယခင်က ရှိသမျှ Type 051, Type 052 ဖျက်သင်္ဘောတွေ၊ Type 053 ဖရီးဂိတ်တွေ၊ Type 037 ရေငုပ်သင်္ဘောဖျက်ရေယာဉ်တွေ စသဖြင့်အားလုံးမှာ မိုင်းခင်းနိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။

ခုနောက်ပိုင်းဆောက်တဲ့ စစ်ရေယာဉ်သစ်တွေမှာတော့ မိုင်းခင်းတဲ့ကိရိယာတွေ မပါတော့ပါဘူး။ ဒါကြောင့် စစ်ရေယာဉ်ဟောင်းတွေ တပ်တော်ဝင်ဖျက်သိမ်းတာနဲ့အမျှ ရေပြင်သွားစစ်ရေယာဉ်တွေနဲ့ မိုင်းခင်းနိုင်တဲ့စွမ်းရည်ဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ကာနီးပါပြီ။

မိုင်းခင်းတဲ့တာဝန်ကို အဓိကယူလာရတာတော့ ရေငုပ်သင်္ဘောတပ်ဖွဲ့ပါ။ အားသာတာကတော့ ရန်သူ့ရေပြင်အထိ ထိုးစစ်အသွင်မိုင်းခင်းခြင်း ပြုလုပ်နိုင်တဲ့နေရာမှာတော့ ပိုတိုးတက်လာတာပေါ့။

တစ်ဘက်မှာလည်း ရေမြုတ်မိုင်းရှင်းလင်းရေးမှာ ပိုအားထည့်လာတာ တွေ့ရပါတယ်။ Type 082 လို သတ္တုကိုယ်ထည်နဲ့ ကမ်းရိုးတန်းသွား မိုင်းရှင်းရေယာဉ်တွေအစား Type 082II နဲ့ Type 081 လိုမျိုး ဖိုင်ဘာဂလက်စ်ကိုယ်ထည်နဲ့ ကမ်းလွန်ပင်လယ်သွား မိုင်းရှင်းရေယာဉ်တွေကို ပိုမိုအားပြုလာတာတွေ့ရပါတယ်။ ဆိုလိုတာက မိမိကမ်းဦးရေတိမ်ပိုင်းမှာ ခံစစ်မိုင်းကွင်းခင်းဖို့ကနေ ရန်သူ့ကမ်းလွန်မှာ ထိုးစစ်မိုင်းကွင်းခင်းဖို့နဲ့ ရန်သူခင်းထားတဲ့ မိုင်းတွေကို ရှင်းဖို့တွေကို ပိုအားထည့်လာတာ ဖြစ်ပါတယ်။

၇။ ပင်လယ်ပြင် ပြန်လည်ဖြည့်တင်းရေး (Underway Replenishment)

ရေပြာရေတပ်စစ်စစ် တစ်နည်းအားဖြင့် ကမ္ဘာ့အနှံရေခြားမြေခြားမှာ စစ်ဆင်နိုင်တဲ့ရေတပ်တစ်ခု ဖြစ်ဖို့အတွက်ဆိုရင် မိမိ သို့မဟုတ် မဟာမိတ် ဆိပ်ကမ်းတွေနဲ့ ဝေးနေပစေ အချိန်အတိုင်းအတာတစ်ခုအထိ စစ်ဆင်နိုင်ရပါမယ်။ ဒီအတွက်ဆိုရင် ပင်လယ်ပြင်မှာပဲ လိုအပ်တဲ့ လောင်စာဆီ၊ ရိက္ခာ၊ ခဲယမ်းစသည်ဖြင့် ပြန်လည်ဖြည့်‌တင်း‌ပေးနိုင်မယ့် Replenishment oiler တွေ Fast combat support ship တွေဟာလည်း မရှိမဖြစ်ပါ။

ယခင်က Type 908 တစ်စီး Type 903 တစ်စီးသာ ရှိခဲ့လို့ AOR Troika လို့ ခေါ်ခဲ့ရပြီးတော့ အေဒင်ပင်လယ်ကွေ့ စစ်ဆင်ရေးတွေမှာ ဖျက်သင်္ဘောနဲ့ ဖရီးဂိတ်တွေသာ ပြောင်းသွားမယ် ဒီသုံးစီးက အလှည့်ကျ ဆက်တိုက်လိုက်နေရတာမျိုးပါ။ အခုအခါမှာတော့ Type 903 AOR နောက်ထပ် ၇ စီးအပြင် Type 901 AOE ၂ စီးပါ ရှိလာပြီဖြစ်လို့ ရေခြားမြေခြားစစ်ဆင်နိုင်စွမ်းလည်း တိုးတက်လာပြီ ဖြစ်ပါတယ်။

* နိဂုံး

ခြုံငုံသုံးသပ်ရရင်တော့ တရုတ်ရေတပ်ဟာ “From near coasts, through near seas, to far seas” ဆိုတဲ့ သူတို့ရည်မှန်းချက်နဲ့အညီ မှန်မှန်နဲ့ မြန်မြန်ကြီး တိုးတက်လာနေတာကို တွေ့ရပါတယ်။ သင်္ဘောအများစုက သက်တမ်း ၁၀ နှစ်အတွင်းမှာပဲ ရှိပါသေးတယ်။

နေရာစုံမှာ တိုးတက်လာတာပါ။ ဒါပေမယ့် အားနည်းချက် လိုအပ်ချက်တွေလည်း ရှိနေပါသေးတယ်။ သေချာတာတော့ အခု ၂၀၂၀ တရုတ်ရေတပ်ရဲ့အင်အားဟာ ၁၉၉၀ က တရုတ်ရေတပ်မပြောနဲ့ ၂၀၁၀ တရုတ်ရေတပ်နဲ့တောင် အဆများစွာ ကွာခြားသွားပါပြီ။

တရုတ်ရဲ့ Near Coasts လို့ ပြောလို့ရတဲ့ ထိုင်ဝမ်ရေလက်ကြားထဲကို ၁၉၉၆ တုန်းကလိုမျိုး CSG တစ်ခုတည်းနဲ့ သွားကြမ်းပြလို့တော့ မရတော့ပါဘူး။ ရေတပ်ရဲ့ ကမ်းရိုးတန်းတိုက်ပွဲဝင်သင်္ဘောတွေ၊ ဒီဇယ်ရေငုပ်သင်္ဘောတွေ၊ ကမ်းခြေအခြေစိုက်ဒုံးတွေနဲ့ လေတပ်ရဲ့ Fighter aviation ကြားမှာ တရုတ်ဟာ ဒီဧရိယာကို အပိုင်ထိန်းထားလိုက်ပါပြီ။

Near Seas ဖြစ်တဲ့ First Island Chain အတွင်းမှာလည်း တရုတ်လေယာဉ်တင်သင်္ဘောတွေ၊ အနုမြူရေငုပ်သင်္ဘောတွေ၊ ပင်မတိုက်ပွဲဝင်စစ်ရေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေက ဘယ်ရန်သူကိုမဆို တန်ဖိုးကြီးကြီး ပေးဆပ်စေမှာပါ။

ဒီနေရာကို ကျော်သွားတဲ့ Far Seas မှာတော့ တရုတ်ရေတပ်ဟာ အင်အားကောင်းလာတာ မှန်ပေမယ့် အကောင်းဆုံးအနေအထား မရှိသေးပါဘူး။ Fixed wing AEW မရှိသေးတာ၊ ASW အားနည်းတာနဲ့ အသံဆူတဲ့ အနုမြူရေငုပ်သင်္ဘော နည်းနည်းပဲ ရှိသေးတာတွေက ဒုက္ခရောက်စေနိုင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ တရုတ်ရေတပ်ဟာ တရုတ်နိုင်ငံလိုပဲ emerging superpower ပါ။ စူပါပါဝါနေရာကို ပြောင်းယူဖို့ အားပြင်နေပေမယ့် လက်ရှိစူပါပါဝါ အမေရိကန်ရေတပ်ကို အိမ်ကွင်းအဝေးကွင်းမရွေး ရေညိုရေပြာမရွေး ပုခုံးခြင်းယှဉ်နိုင်ဖို့တော့ အချိန်အတိုင်းအတာတစ်ခုထိ လိုသေးတယ်လို့ ထင်မြင်မိပါတယ်။

CRD_ရောက်တတ်ရာရာ ရေးတဲ့စာ

Add a Comment

Your email address will not be published. Required fields are marked *