ရခိုင်ကတပ်ဆုတ်တဲ့ စစ်ကောင်စီလှုပ်ရှားမှုဘာဖြစ်မလဲ (Opinion)

မနေ့က ရခိုင်ကနေ တပ်မ ၄၄ နဲ့၂၂ ထဲက တပ်ရင်းတချို့ကို ပြည်မဘက်ပြန်ပို့တာကျနော့်အမြင် မန္တလေး-ဗန်းမော် ကိစ္စနဲ့ဆက်စပ်မယ်လို့ထင်ပါတယ်။ ကျနော့် ယူဆချက်ကိုပြောတာနော်။ မှားချင်လည်း မှားနိုင်ပါတယ်။ စစ်တွေကနေ ပြန်ပို့တဲ့ကိစ္စကို သတင်းပေါက်ကြားမှာ စိုးလို့နေ့ခင်းဘက်အပြောင်းအရွှေ့မလုပ်ဘဲ ညဘက်ကြီးပို့တာဖြစ်ပါတယ်။ အဲလိုပဲ အမ်းဘက်မှာလည်း လေယာဉ်အတက်အဆင်းရှိခဲ့တယ်ဆိုတဲ့ သတင်းကိုထောက်ရရင် နည်းတော့ မနည်းလောက်ပါ။ မရှိဘူးဆိုလည်း ၄၀၀ လောက်တော့ ရှိနိုင်ပါတယ်။

ဇွန် ၂၃ က KIA ထုတ် လက်နက်အလက် တစ်ရာကျော် မိတဲ့ကိစ္စမှာ လူတွေက မိတာကို မဖြစ်နိုင်ဘူးငြင်းတာရယ်၊ နှမြောတာရယ်ပဲ သိကြတယ်။ အဲလို မမိဘဲ လွတ်သွားတာကော မရှိနိုင်ဘူးလားလို့ မန့်တဲ့သူက အတော်နည်းတဲ့သဘောမှာရှိတယ်။ လွတ်တယ်ဆိုရင် အဲဒီလက်နက်တွေ မန္တလေးနဲ့ရန်ကုန်မှာ ရှိနေပြီဆိုတဲ့သဘော ယူဆနိုင်ပါတယ်။ စိတ်ကူးထဲ အမေရိကန်စစ်သားတွေ အာဖကန်မှာအဝိုင်းခံရတဲ့ ရုပ်ရှင်ကို ပြေးမြင်ကြည့်ပါ။ AK-အလက် ၆၀ ကျော်၊ M-79 ၄၀ မမ ဗုံးသီးခြောက်လုံးတွဲအလက် ၄၀ ဝန်းကျင်နဲ့ တစ်လုံးထိုးအလက် ၁၀ ဆိုတာ တပ်ရင်းတစ်ရင်းကို ဝင်တီးဖို့ လုံလောက်တဲ့ အင်အားလုံးဝကို သေချာပါတယ်။ စစ်ကောင်စီမှာ တပ်ရင်းတစ်ခုစာကို ၃၀၀ လို့ စာရင်းပြပေမယ့် တကယ်တမ်း တိုက်ခိုက်ရေး ခြေလျင်နဲ့ခြေမြန်ရင်းတွေမှာ ၃၀၀ မပြည့်ပါ။ အများဆုံးရှိလှ ၁၅၀-၁၈၀ ပါပဲ။

ဇွန် ၂၃ တုန်းက ကိစ္စလိုမျိုး လက်နက်တွေ ကားနဲ့စီးလိုက်သယ်တာ ရှေ့မှာ လွတ်သွားတာ ရှိ၊ မရှိ ဘုရားပဲ သိမှာပါ။ အဲဒီတော့ မြို့ကြီးတွေမှာ အတီးမခံရအောင် စစ်ကောင်စီကလည်း ပြင်စရာရှိတာကို ပြင်မှာပါပဲ။ တပ်မ ၂၂ ကတော့ ကရင်ပြည်နယ် ဘားအံမှာရှိတာဖြစ်တဲ့အတွက် မိခင်တပ်မဆီပြန်ပို့မလား၊ ရန်ကုန်-မန္တလေး တစ်နေရာရာမှာ ပြန်ချမလားဆိုတာတော့ မသိနိုင်ပါ။ သေချာတာက စစ်ကောင်စီလည်း မထင်မှတ်ဘဲ ဝင်စီးခံရမယ့် (raid) ကို စိုးရိမ်နေမှာပါပဲ။ ဒါပေမဲ့ စစ်ပွဲရဲ့အောင်မြင်မှုဟာ ဦးစီးသူတွေရဲ့ ကွပ်ကဲမှုကသာအဓိက ကျပါတယ်။ Coordinated attack ဆိုတာ အဲဒီကနေ လာတာပါ။

ဗျောက်သောက်လုပ်လို့မရပါဘူး။ ဆိုလိုတာက စစ်ပွဲအတွေ့အကြုံမရှိဘဲနဲ့ ဒီလို တိုက်ပွဲကို သာမန်ပီဒီအက်ဖ်တွေဦးစီးရင် အဖိတ်အစင်များနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ စစ်တပ်က ထုတ်တဲ့အချက်အလက် တကယ်မှန်တယ်ဆိုရင် မန်း PDF နဲ့တွဲလှုပ်ရှားတဲ့အထဲမှာ KIA က ၂ ယောက် ပါတယ်လို့ စစ်ကောင်စီက မန်း PDF ဖြစ်စဉ် နောက်တစ်ရက်လောက်မှ ထုတ်ပြောလာတာတွေ့ရတယ်။ ဒါကို ကျနော် ညွှန်းဆိုတာဖြစ်ပါတယ်။ တိုက်ပွဲအတွေ့အကြုံရှိသူတွေက CDM လုပ်တဲ့ စစ်သားတွေရှိသလို၊ တိုင်းရင်းသားတပ်တွေရဲ့ ဖိုက်တာတွေလည်း ရှိပါတယ်။ ဒီနေရာမှာ စစ်တပ်ရဲ့ အလေ့အကျင့်ကိုသိတဲ့ CDM စစ်သားတွေရဲ့ အထောက်အပံ့က အတော်လေး တာသွားမယ်လို့ဆိုချင်ပါတယ်။ အဲဒီတော့ လူတွေက မေးကြပါလိမ့်မယ်။ မြို့ပြတိုက်ပွဲအတွက်လား စသဖြင့်ပေါ့။ ဟုတ်တယ်-မဟုတ်ဘူး ပြောဖို့ခက်တဲ့မေးခွန်းပါ။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် စစ်တိုက်ပြီဆိုရင် ကိုယ်သာမယ်ထင်တဲ့ ပစ်မှတ်အပျော့တွေကို အရင်ရှာရတာပါပဲ။ အဲဒီတော့ PDF သတ်မှတ်တဲ့ ပစ်မှတ်ကပဲ ဒီဟာကို အဖြေပေးပါလိမ့်မယ်။ လေ့လာသုံးသပ်တဲ့ ကျနော်တို့က ပေးလို့ရတဲ့ မေးခွန်းမျိုးမဟုတ်ပါ။ စစ်ပွဲမစခင် စစ်ပွဲအတွက် ကြိုပြင်ရပါတယ်။ လက်နက်မိတာတွေဟာ ဒီလုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ ဒီနေ့ ဇွန် ၂၅ မှာတော့ ထူးခြားတဲ့ သတင်းတစ်ခုတွေ့မိပါတယ်။ အဲဒါကတော့ သာကေတမှာ စစ်ကောင်စီတပ်သားတွေ လေထီးခုန်ကျင့်တယ်ဆိုတဲ့ ကိစ္စပါ။ ဒီလို လေထီးခုန်တာကိုကြည့်ရရင် ကျနော့်အထင်တော့ သူတို့ဟာ ကြားဖြတ် ခြုံခိုတိုက်မယ့်ကိစ္စကို ကြိုတွက်ပုံရပါတယ်။ ရခိုင်ကနေ ပြန်ခေါ်တာလည်း ပြင်ဆင်ထားတာကိုထပ်တိုး အင်အားချတဲ့သဘောပဲဖြစ်ပါလိမ့်မယ်။ လတ်တလောတော့ တိုက်ပွဲအကြီးဖြစ်မယ်လို့မမြင်ပါဘူး။ ဘာလို့ဆို တိုက်ပွဲတစ်ခုက တိုက်ဖို့က လွယ်ပါတယ်။

ထိန်းထားနိုင်ဖို့မလွယ်ပါဘူး။ အထူးသဖြင့် မြို့ပြတိုက်ပွဲဟာ လက်နက်ကိုင်တွေအတွက်ရော၊ အာဏာလု စစ်တပ်အတွက်ပါ စိန်ခေါ်မှှုများတဲ့ ပွဲဖြစ်ပါတယ်။ စစ်ပွဲဖြစ်ရင် ရှောင်လွဲဖို့ခက်တာက အရပ်သားထိခိုက်တဲ့ကိစ္စပါ။ တစ်ခါ မြို့နေလူထုရဲ့ စိတ်ဆန္ဒပြင်းပြမှု၊ အကင်းပါးနပ်မှု၊ ကူညီပေးနိုင်မှု ဒါတွေဟာ အရေးပါလာပါလိမ့်မယ်။ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုကတော့ မန္တလေးက ပွဲလိုမျိုး live လွှင့်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။ ဘေးကင်းရာကို အမြန်ဆုံးရှောင်ထွက်ပါ။ ကိုယ့်ရဲ့နေအိမ်ဖြစ်နေရင်တောင် အကုန်ထားခဲ့ပါ။ အမြန်ဆုံးပြေးပါ။ အိမ်ပေါ် တက်နေမယ်၊ ငါ့တိုက်ခန်းမှာနေတာပဲလို့ စိတ်မကူးပါနဲ့။

အနီးဆုံးမှာ တိုက်ပွဲဖြစ်တော့မယ် ပစ်သံကြားရင် ဘေးကင်းရာကို အမြန်ဆုံးပြေးပါ။ တစ်ယောက်တည်း မနေပါနဲ့။ ဆိုတော့ အနှစ်ချုပ်ရရင် အရင်လို ဟိုနားဗုံးပေါက် ဒီနားဗုံးပေါက်ထက်၊ ပစ်မှတ်ပျော့ကွက်တွေဖြစ်တဲ့ ရဲစခန်းတို့၊ ကင်းစခန်းတို့၊ စစ်ဆေးရေးဂိတ်တို့ အရင်ဆုံး ပစ်မှတ်ထားတိုက်ခိုက်ခံရမယ်လို့မြင်ပါတယ်။ ဘာလို့ဆိုတော့ ရဲဟာ မြို့မှာ ဘယ်နားမှာ ဘာရှိတယ်ဆိုတာကို သိတဲ့ ကြွက်တွေဖြစ်ပါတယ်။ ရဲပြိုမှ စစ်တပ်ကို အထောက်အပံ့ပေးတဲ့ သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးသွားမှာပါ။ စစ်သားက စစ်ပဲတိုက်တာပါ။ သတင်းစုတဲ့အလုပ်ကို မလုပ်တတ်ပါ။ အဲဒီတော့ မြို့ပေါ်မှာ ပစ်ခတ်မှုစမယ်ဆိုရင် စသုံးလုံး၊ အက်စ်ဘီနဲ့ ရဲစခန်းတွေဟာ ပစ်မှတ်ဖြစ်လာမယ်လို့သုံးသပ်ရပါတယ်။

crd-More Mront

Leave a Comment

Your email address will not be published. Required fields are marked *