News

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ရင်ဆိုင်နေရသည့် ပြဿနာ နှင့် ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း

Written by fella

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ရင်ဆိုင်နေရသည့် ပြဿနာ နှင့် ဒေါက်တာ ဆာဆာ ပြောသည့် သူ့ဘဝ ဇာတ်ကြောင်း

အမေရိကန် ရှိ လက်ဝဲယိမ်း ဆိုရှယ်လစ် ဝါဒီ မဂ္ဂဇင်း ကြီး Jacobin နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဒေါက်တာ ဆာဆာ က သူ့ဘဝ ဇာတ်ကြောင်းနှင့် လက်ရှိ ရင်ဆိုင်နေရမှုများအတွက် ပွင့်လင်းစွာ ပြောသွားသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်သည်။ ကျွန်တော်ကို မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ် အတွင်းရှိ ရွာတရွာ မှာ မွေးဖွားခဲ့ပါတယ်။ ရွာမှာ လမ်းပန်းဆက်သွယ်ရေး မရှိ၊ လျှပ်စစ်မီးမရှိ၊ သောက်ရေ သုံးရေ ဆိုတာမျိုးလည်း မရှိပါဘူး။ ကျွန်တော့် အမေရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ အတော်များများက မီးတွင်းထဲမှာ ဆုံးသွားကြတာ များတယ်။

ကျွန်တော် ငယ်ဘဝက သူငယ်ချင်း တွေလည်း ဝမ်းလျောရောဂါ၊ ငှက်ဖျားရောဂါ တို့လို အခြား ကုသလို့ ရနိုင်တဲ့ ရောဂါတွေ နဲ့ သေသွား ကြတာ ချည်းပဲ ဆိုတော့ ကျွန်တော် အလှည့်လည်း ဘယ်တော့ ရောက်မလာလဲ ဆိုပြီး စိုးရိမ်နေရပါတယ်။ အဲ့ဒီ တုန်းက ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ လူတွေ ရဲ့ ဒုက္ခဝေဒနာ တွေကို ပြန်ပြောပြဖို့ စကားတောင် ရှာမရပါဘူး။ ၁၉၈၈ မှာ ကျောင်းသားတွေရဲ့ အရေးတော်ပုံကြီး ဖြစ်လာတော့ စစ်အစိုးရ ရဲ့ နှိမ်နှင်းခြင်း ခံခဲ့ရတယ်။ ချင်းလူမျိုး တက္ကသိုလ် ကျောင်းသားတွေလည်း စစ်အစိုးရကို တော်လှန်ဖို့ ချင်းအမျိုးသား တပ်မတော်လို လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့ကြတယ်။ ကျွန်တော် အသက် ရှစ်နှစ် ကိုးနှစ် အရွယ်လောက်မှာ စစ်သားတွေ ကျွန်တော်တို့ ရွာကို ရောက်လာကြတယ်။ အနီးအနား ရွာတွေက ရွာသားတွေကို ဆင့်ခေါပြီး ပေါ်တာဆွဲတာတို့၊ နှိပ်စက်တာတို့၊ အဓမ္မကျင့် တာတွေ လုပ်လာတယ်။

ကျွန်တော်တို့ဆို သူတို့နေဖို့ တန်းလျားတွေ ဆောက့်အခါ မြေကြီးကို လက်နဲ့ တူးပေးခဲ့ကြ ရတယ်။ ဗုံးဆံတွေ၊ စစ်လက်နက် ပစ္စည်းတွေကိုလည်း ကျောပိုးပြီး လိုက်ပို့ပေးခဲ့ကြရတယ်။ အတော်ကို ဆိုးပါတယ်ဗျာ။ ကျွန်တော့် ရွာမှာ အလယ်တန်းကျောင်း မရှိတော့ ရန်ကုန်ကို သွားပြီး ကျောင်းတက်ဖို့ ထွက်လာခဲ့ရတယ်။ ရန်ကုန် ရောက်တော့ ဗျာ ဘာမှမသိ ယောင်ချာချာ ပေါ့၊ ရန်ကုန်မှာ လယ်သမား မိသားစုနဲ့ အတူနေခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ မတော်တရော်လုပ်ခံရတာတို့၊ ကိုယ်ထိလက်ရောက် နှိပ်စက်ခံရတာတို့ ကြုံခဲ့ရတယ်၊ ကျောင်းမှာ လည်း တောသား ဆိုပြီး အနိုင်ကျင့် ဗိုလ်ကျတာခံရပြန်ရော။ ၁၉၉၇ မှာ ကျွန်တော် အထက်တန်းကျောင်း ပြီးသွားတယ်။ အဲ့ဒီအချိန်မှာလည်း ကျောင်းသားတွေ အကြီး

အကျယ် ဆန္ဒပြနေတဲ့ အချိန်နဲ့ သွားကြုံခဲ့တယ်။ အဲ့ဒီတုန်းက အတော် ပြင်းပြင်းထန်ထန် နှိမ်နှင်းခံခဲ့ရပြီး စစ်အစိုးရက တက္ကသိုလ်တွေကို ပိတ်ပြစ်လိုက်တယ်။ ကျွန်တော်လည်း ရန်ကုန်မှာ ဆက်ပြီး ပညာသင်ဖို့ မဖြစ်နိုင်တော့တာနဲ့ အိန္ဒိယ က ကောလိပ်တွေ မှာ တက်ဖို့ ကြိုးစားခဲ့တယ်။ တက်ခွင့်ရပြန်တော့ ကြက်တွေ၊ ဝက်တွေ၊ ဆိတ်တွေ မွေးပြီး ရောင်းရင်း ကျောင်းစရိတ် ရှာခဲ့ရတယ်။ အိန္ဒိယမှာ ကျောင်းပြီးသွားတော့ ကျွန်တော်လည်း အမေရိကန် က ဆေးတက္ကသိုလ် ကို တက်ချင်လာတယ်။ ဒါပေမယ့် ကျောင်းစရိတ်က ဈေးကြီးလွန်းတယ်။ ဒီလိုနဲ့ တနေ့ကျ အာမေနီးယားက ဆေးကျောင်း နဲ့ ပတ် သက်တဲ့ စာစောင်တခု ဖတ်မိခဲ့တယ်။ ကျောင်းစရိတ်ကလည်း ကျွန်တော် တတ်နိုင်တဲ့ နှုန်းမျိုးနဲ့ ဆိုတော့ ၂၀၀၂ မှာ အာမေနီးယား ကို ထွက်လာခဲ့တယ်။ အဲ့ဒီမှာလည်း ရောက်ကတည်းက ရုန်းကန်ခဲ့ရတာပါပဲ။ ဒီလိုနဲ့ နှစ်အ တော်ကြာတော့ မယုံနိုင်စရာ

ကောင်းလောက်အောင်လို့ ပြောရမလားပဲ၊ အင်္ဂလန်က ပညာသင်ဆု ရခဲ့တယ်။ အင်္ဂလန်မှာ ဆေးကျောင်း ပြီးတာနဲ့ ကျွန်တော် ဇာတိမြေကိုပဲ ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့အတွက် ကုသ ပေးမယ့် ဆရာဝန်ဆိုလို့ ကျွန်တော်ပဲရှိတယ်။ တနေ့တနေ့ကို လူနာ လေးရာကနေ ငါးရာလောက်အထိ ကြည့် ပေးခဲ့ရတယ်။ နောက်ဆုံး ဝန်ပိလာတော့ ရွာသားတွေကို ကျန်းမာရေး နဲ့ ပတ်သက်ပြီး သင်တန်းတွေ ပေးခဲ့ရ တော့တယ်။ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်ရေသုံးရေ တွေ သန့်သန့်ရှင်းရှင်း ထားကြဖို့ ဘာတို့ သင်ပေးခဲ့ရတယ်။ လက်မှတ်ရ သားဖွား ဆရာမ ဆိုတာမျိုး မရှိတော့ ကလေး ဘယ်လို မွေးပေးရမယ် ဆိုတာလည်း သင်ပေးရသေးတယ်။ ကျွန်တော်တို့ အားလုံး အခုလို လူအသက်တွေ ကယ်တင်နိုင်မယ့် အလုပ် မျိုးတွေ ကြားမှာ ကျင်လည်ရင်း ပျော်နေခဲ့ကြတယ်။ ၂၀၁၂ မှာ NLD ရဲ့ ခေါင်းဆောင်ပိုင်းက ကျွန်တော်ကို နိုင်ငံရေးထဲ ပါဖို့

ချဉ်းကပ်လာတယ်။ ကျွန်တော်ကလည်း လူတွေနဲ့ နေပြီး အလုပ်တွေ ဆက်လုပ်ချင်သေးတယ်။ ဒီလိုနဲ့ ၂၀၂၀ ရောက်လာတော့ ရွေးကောက်ပွဲ အတွက် NLD က ချဉ်းကပ်လာပြန်ပါတယ်။ ကျွန်တော်ကို “အတော်ကို လိုအပ်နေလို့ ပြောတာပါ” ဆိုပြီး ပြောလာ ကြတယ်။ ကျွန်တော်လည်း လူမျိုး၊ တိုင်းရင်းသား၊ ဓလေ့ထုံးတမ်း၊ အသား အရောင်၊ ကျားမ ကွဲနေ မှုဟာ အဓိက မဟုတ်ဘဲ အားလုံး ညီညွတ်ကြဖို့ အတွက် စပြီး စည်းရုံးလှုပ်ရှားပေးခဲ့တယ်။ ကျွန်တော်တို့ အားလုံးက လွတ်လပ်ခွင့်၊ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ သာယာဝပြောစွာ နေထိုင်နိုင်ဖို့ကိုပဲ လိုလားတဲ့ နေရာမှာ တူညီ

နေကြ ပါတယ်။ ကျွန်တော်တို့ သားသမီးတွေ အတွက် ထမင်းစားပွဲပေါ်မှာ စားဖို့ သောက်ဖို့ ရှိနေဖို့ပဲ လိုတယ်။ ဒါတွေ အားလုံးက ကျွန်တော်ရဲ့ နိုင်ငံရေး ပဲ၊ ကျွန်တော်ရဲ့ ညီညွတ်ကြဖို့ ဆိုတဲ့ ကမ်းပိန်းက အတော်ကိုအောင် မြင်ခဲ့တယ်။ ဒီလိုနဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်မှာ အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ သတင်းကြောင့် အိပ်ယာက နိုးလာခဲ့တယ်။ ကျွန်တော်တို့ ရွေးချယ်တင်မြှောက်ထားခဲ့တဲ့ အစိုးရ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြုတ်ချပြီး ဖမ်းဆီး ပြစ်လိုက်ကြတယ်။ ကျွန်တော်လည်း အဖမ်းမခံရအောင် ရှောင်မှ ဖြစ်တော့မယ် ဆိုပြီး တက္ကဆီ သမားလို ဝတ်စားပြီး

နယ်စပ်ကို ထွက်ပြေးလာခဲ့ရတယ်။ ****************** စစ်ဗိုလ်ချုပ်တွေက CDM ကို အတော်ကြောက်ရွံ့ကြတယ်ဗျ၊ သူတို့အတွက် အလုပ်လုပ်မပေးနိုင်ဘူးလို့ ငြင်းဆိုထားကြတာကိုး၊ လက်ရှိလည်း စစ်အာဏာရှင် စနစ်ကို လက်နက်ကိုင် တော်လှန်နေတာတွေ တိုးမြင့် လာနေပါတာ တွေ့နေရပါပြီ။ CDM ဟာ ယခုအချိန်အထိ အာဏာသိမ်း အဖွဲ့ကို အကြီးအကျယ် ဒုက္ခ အပေး နိုင်ဆုံး တွန်းကန်အားကြီး ဖြစ်နေဆဲပါ။ အမျိုးသား

ညီညွတ်ရေး အစိုးရ အဖွဲ့ အာဏာပြန်ရလာတဲ့ အခါ CDM ဝန်ထမ်းတွေကို ဆုံးရှုံးသွားခဲ့ရတဲ့ လစာ ငွေတွေ၊ ခံစားခွင့်တွေ အကုန်ပြန်ပေးမှာပါ။ သူတို့ အားလုံးက နိုဘဲလ် ငြိမ်းချမ်းရေ ဆုကို သာမက ကျွန်တော်တို့ ဖက်ကလည်း အကောင်းဆုံး အကူအညီတွေ ရဖို့ ထိုက်တန်တဲ့ လူတွေ လည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိက ကမ္ဘာတဝှမ်း ကို ထုတ်ဖေါ်ပြသနိုင်ခဲ့ပါပြီ။ **************** အခု ကျွန်တော် အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ အတူ ရှိနေပြီ။ ကျွန်တော်တို့ရဲ့ ညီအကို မောင်နှမ တွေဖြစ် ကြတဲ့ ရိုဟင်ဂျာ တွေကိုလည်း လက်လှမ်းခဲ့ပြီးပါပြီ။ သူတို့ ပြဿနာ က မြန်မာပြည်မှာ အကြီးဆုံး ပြဿနာ အဖြစ် ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်လောက်အထိ “ရိုဟင်ဂျာ” ဆိုတဲ့ အခေါ်အ

ဝေါ် ကို သုံးမိရင်ကို ရာဇဝတ်မှု ကျူးလွန်သလိုမျိုး တားမြစ်ခံထားရတဲ့ စကားလုံးပါ။ အခု အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်း လာနိုင်ပြီ ဖြစ်တဲ့ အတွက် မြန်မာသမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် တွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။ ကျွန်တော်တို့က “တော်လှန်ရေး ဆင်နွှဲနေတဲ့ အစိုးရမျိုး” ဗျ၊ ပုံမှန် အနေအထား နဲ့ ရပ်တည်နေတဲ့ အစိုးရမျိုး တော့ မဟုတ်ဘူး။ အချို့အရာတွေက လက်တွေ့မှာ လုပ်ဖို့ အတော်ခက်ခဲပါတယ်။ NUG ဟာ အခုအထိ အမေရိကန်မှာ ဘဏ်အကောင့် ဖွင့် နိုင်ဖို့ ကြိုးစားနေရဆဲပါ။ ဒါကြောင့်မို့လည်း “ကျွန်တော်တို့ကို အသိ အမှတ်ပြုပါ” လို့ အမေရိကန် အစိုးရကို ပြောနေရခြင်း ဖြစ်ပါတယ်။ မြန်မာပြည်သူ

တွေ အတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တာ အများကြီး ရှိနေပါတယ်။ ဒီလို လုပ်ကိုင်နိုင်ခွင့် အာဏာတွေ ရလာအောင် နိုင်ငံတကာ အသိုက် အဝန်း အနေနဲ့ ကျွန်တော်တို့ကို အသိအမှတ်ပြုဖို့ ပထမဆုံး အနေနဲ့ လိုအပ်ပါတယ်။ နိုင်ငံတကာက အသိအမှတ် ပြုလာမှသာ အစိုးရ တရပ်အနေနဲ့ အပြည့်အဝ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံ တကာ ဈေးကွက်တွေကိုလည်း ဝင်ရောက် လှုပ်ရှားနိုင်မယ်။ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း တွေဆီကလည်း ငွေတွေ ချေးငှားလို့ ရမယ်။ ကျွန်တော်တို့ နိုင်ငံက ချမ်းသာပြီးသားပါ၊ ရေနံ နဲ့ ဓါတ်ငွေ့ တွေက ပဲ စစ်တပ်က တလ ကို ဒေါ်လာ သန်းတရာ ကျော်လောက် ရနေပါတယ်။ မင်းအောင်လှိုင်နဲ့ ကရိုနီတွေကတော့ ပြည်သူတွေ ပိုင်တဲ့ ငွေတွေကို သူတို့အိတ် ကပ်ထဲ ထည့်နေတာပါပဲ။ ဒီငွေတွေကို သုံးပြီး လူတွေ သတ်ဖို့ တရုတ် နဲ့ ရုရှားဆီက လက်နက်တွေ ဝယ်ယူ နေပါတယ်။ ဒါက ရှင်းပါတယ်။ လူအတော်များများကတော့ နောက်ကွယ်ကနေ မနားမနေ ကြိုးစား လုပ်ကိုင်နေကြပါတယ်။ ကျွန်တော်ဆိုရင် CDM ကို ထောက်ခံတဲ့ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင် နိုင်ငံတွေနဲ့ အမြဲလို ထိတွေ့ ဆက်ဆံနေပါတယ်။ အမေရိကန်မှ လူတွေ ဆီကလည်း ဒေါ်လာ သန်း အနည်းငယ်လောက်ကို အလှူငွေ အဖြစ် ရရှိနေပါတယ်။

ဒါပေမယ့် ဒီငွေ တွေကို ကျွန်တော်တို့ဆီ လွှဲပြောင်းနိုင်ဖို့က သယ်ယူပို့ဆောင်ရေး နဲ့ လုံခြုံမှု ရှိရေး မှာ အခက်အခဲတွေ ကြုံနေ ရပါတယ်။ ဘဏ်ဝန်ထမ်းတွေက သပိတ်မှောက်နေကြတဲ့ အချိန်ဆိုတော့ ဘဏ်လုပ်ငန်းတွေလည်း ပြိုလဲမတတ် ဖြစ်နေလို့ နိုင်ငံထဲမှာ ငွေသား ပြတ်လတ်လာနေပါတယ်။ ကျွန်တော်တို့ NUG ဝန်ကြီးတွေကတော့ CDM မှာ ပါတဲ့ လူတွေနဲ့ အမြဲလို ဆက်သွယ်နေပါတယ်။ လုပ်ငန်းညှိ နှိုင်းရေး ကော်မတီ လည်း ဖွဲ့ထားပြီး ဖြစ်တဲ့ အတွက် သူတို့ ကို မြေပြင်မှာ ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာ ကျွန်တော်တို့ကို ပြောနိုင်လာကြပါတယ်။ ဒါပေမယ့် CDM မှာ ပါနေတဲ့ ဝန်ထမ်းတွေ အလုပ်သမားတွေက သိန်းချီရှိနေတော့ အားလုံးကို မကူညီနိုင်ဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် ညှိနှိုင်းဆောင်ရွက်ရေး

ကော်မတီတွေကို နိုင်ငံတဝှမ်း မှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၃ မြို့နယ်အထိ မြို့တိုင်း ရွာတိုင်းမှာ ဖွဲ့စည်းပေးထားပါတယ်။ ကျွန်တော်တို့ ဒီထက်မက ပိုလုပ်ဖို့ လိုနေပါသေးတယ်။ ဥပမာ ပြောရရင် ပြီးခဲ့တဲ့ လတွေထဲမှာ ချင်းပြည်နယ် အတွက် ဒေါ်လာ ခုနှစ်သောင်း လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ တကယ်တမ်းမှာ ပြည်နယ် တခုစီအတွက် လစဉ် ထောက်ပံ့နိုင်ဖို့ ‌ဒေါ်လာ တသန်း လောက် လိုအပ်နေတာပါ။ ချင်းပြည်နယ်လို ဆင်းရဲတဲ့ ပြည်နယ်မျိုးဆို ဒီထက် ပိုပြီး လိုအပ်နေပါတယ်။ အရံငွေတွေကတော့ ရှိနေပေမယ့် ကျွန်တော်တို့ကို အစိုးရတွေက အသိအမှတ် မပြု သေးတော့ အကုန်ထုတ်သုံးလို့ မဖြစ်သေးဘူး၊ အဓိက ပြဿနာ ဖြစ်နေတာက အဲ့တာပဲ။ မကြာသေးခင်အချိန် အီးယူ မှာ ရှိတဲ့ ကျွန်တော်တို့ မဟာမိတ်တွေနဲ့

စကားပြောဖြစ်ခဲ့တုန်းက ပုဂ္ဂလိကပိုင်းက စက်ရုံ အလုပ်သမားတွေကို ကျွန်တော်တို့ ထောက်ပံ့ပေးဖို့ လိုနေတယ် ဆိုတာကို အလေးပေး ပြောဖြစ်ခဲ့ ပါတယ်။ ကိုဗစ် ကြောင့်ရော အာဏာသိမ်းလိုက်လို့ကော စက်ရုံတွေ ပိတ်ပစ်ခဲ့ရလို့ အတော်များများ အလုပ် လက်မဲ့ ဖြစ်ကုန်ကြပါတယ်။ သူတို့လည်း မိသားစုကို ကျွေးမွေးဖို့၊ မီတာခတွေ ဆောင်ဖို့ ရှိနေကြတယ်။ ဒါတွေကြောင့် ကျွန်တော်တို့ကို အကူအညီတွေ တိုးပေးဖို့ နိုင်ငံတကာ မှာ လော်ဘီ လုပ်နေရတာပါ။ အဲ့ဒီလို အကူအညီတွေကလည်း စီအက်အို လို့ ခေါ်တဲ့ မြို့ပြ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အသင်းအဖွဲ့တွေ နဲ့ လူမှုရေး အသင်း အဖွဲ့တွေက တဆင့် သွားရမှာ ဖြစ်ပါတယ်။ စစ်တပ်က တဆင့် သွားလို့ မရပါဘူး။ ကျွန်တော်တို့ က အလင်း နဲ့ အမှောင် အကြား

ရွေးချယ်ဖို့ တိုက်ပွဲဝင်နေရတာပါ။ ဒီမိုကရေစီ စနစ် နဲ့ အာဏာ ရှင်စနစ် အကြားလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ အတွက် နောက်ဆုံး တိုက်ပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော် တို့ မျိုးဆက်တွေကြားမှာ အကြောက်တရား လွှမ်းမိုးလာတဲ့ ခေတ်ကို အဆုံးသတ်ပေးဖို့ လိုလာပါပြီ။ ဒါမှလည်း ကျွန်တော်တို့ ကလေး တွေက မွေးဖွားလာမယ့် ကလေးတွေဟာ ကျွန်တော်တို့လို အဖြစ်ဆိုးမျိုး နဲ့ မကြုံ ကြရတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဖက်ကတော့ လက်လျော့သွားမှာ မဟုတ်ပါဘူး လို့ ပြောချင်ပါတယ်။ အရေးတော်ပုံ အောင်ရမည်!!!

CRD_HLA SOE WAI

About the author

fella

Leave a Comment