တရုတ်နိုင်ငံရဲ့ နျူကလိယလက်နက် ပိုင်ဆိုင်နိုင်ရေးအတွက် ကြိုးပမ်းပုံများနှင့် ဂြိုလ်တုများ လွှတ်နိုင်ငံရေးအတွက် ကြိုးပမ်းခဲ့ရပုံများ

တရုတ်ပြည်၏ နျူကလိယ လက်နက်စီမံကိန်း

ဒီတစ်ခါမှာတော့ တရုတ်နိုင်ငံရဲ့ နျူကလိယလက်နက် ပိုင်ဆိုင်နိုင်ရေးအတွက် ကြိုးပမ်းပုံများနှင့် ဂြိုလ်တုများ လွှတ်နိုင်ငံရေးအတွက် ကြိုးပမ်းခဲ့ရပုံများကို တင်ပြပေးပါမည်။ သာမန် စာရေးသားသူဖြစ်သောကြောင့် သိပ္ပံပညာရပ် ဆိုင် ရာ စာလုံးများကို ဘာသာပြန်ဆိုရာတွင် အမှားအယွင်းများရှိပါက သည်းခံ ဖတ်ရှုပေးကြပါ။

နျူကလိယလက်နက်ပိုင်ဆိုင်ရေးကို စတင်ခြင်း

တရုတ်ပြည်၏ နျူကလိယလက်နက်ပိုင်ဆိုင်ရေး အိပ်မက်မှာ ကိုးရီးယား ပြည်တွင်းစစ်ပွဲမှ စတင်ခဲ့သည်ဟု ဆိုရမည်။ ကိုးရီးယားစစ်ပွဲအတွင်း အမေရိကန် တို့က တောင်ပိုင်းဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပြီး တရုတ်ပြည်က မြောက်ပိုင်းဘက်မှ စစ်ကူပေးခဲ့သည်။ စစ်ပွဲမှာ ပြင်းထန်လှ သည့်အတွက် အမေရိကန်ဗိုလ်ချုပ်ကြီး မက်အာသာက တရုတ်ပြည်ကို နျူကလိယဖြင့် ဗုံးကြဲတိုက်ခိုက်ရန် အကြံပြုခဲ့သည်။

သို့သော် ထိုအချိန်က ကမ္ဘာတစ်ဝှမ်း၌ နျူကလိယလက်နက်စစ်ပွဲမှသည် တတိယကမ္ဘာစစ်သို့ ဦးတည်မသွားစေရန် ထိန်းသိမ်းနေကြချိန်လည်း ဖြစ်သည်။ သို့သော် ထိုပြောကြားချက်မှာ တရုတ်ပြည် ခေါင်းဆောင် မော်စီတုန်းကို နျူကလိယလက်နက် ပိုင်ဆိုင်ရေးပြိုင်ပွဲဝင်စေရန် အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့သည်။ ၁၉၅၀ ခုနှစ်ဝန်းကျင်များတွင် တရုတ်-အမေရိကန် ၂ နိုင်ငံဆက်ဆံရေးမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့သည် ထိုင်ဝမ်အရေးအခင်း၊ ကိုးရီးယားပြည်တွင်း စစ်ပွဲ၊ ဗီယက်နမ်ပြည်တွင်းစစ်ပွဲ စသည့် အရေးကိစ္စ များတွင် ထိတွေ့မှုများ လာခဲ့သည်။ ထိုအခြေအနေများသည် တရုတ်ပြည်ကို နျူကလိယလက်နက် ပိုင်ဆိုင်ရေးကို အကောင်အထည်ပေါ်လာစေခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ပြီးချိန်တွင် ကမ္ဘာအရပ်ရပ်သို့ ပညာတော်သင်အဖြစ် ရောက်ရှိနေကြသည့် တရုတ်မျိုးချစ် သိပ္ပံပညာရှင် များသည် တိုင်းပြည်အသစ်ကို အလုပ်အကျွေးပြုရန်အတွက် ရောက်ရာ အရပ်မှ တရုတ်ပြည်သို့ ပြန်လာခဲ့ကြသည်။ ထိုအဖွဲ့များထဲတွင် ချမ်ရွှယ်စန်း၊ တိန့်ကျားရှန်းနှင့် ချမ်စန်းချန်တို့လို ကမ္ဘာကပင် အသိအမှတ်ပြုသည့် နာမည်ကျော် တရုတ်လူမျိုးသိပ္ပံပညာရှင်ကြီးများလည်း အမိမြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

၁၉၅၁ ခုနှစ် ပေကျင်း-မော်စကို လျှို့ဝှက်သဘောတူညီချက် စာချုပ်ကို စတင်ချုပ်ဆိုခဲ့ကြပြီး ဆိုဗီယက် (ရုရှား) တို့က တရုတ်ပြည်ကို ယူရေနီယံ သတ္တုများ ထောင်ပံ့ပေးမည်ဟု သဘောတူညီခဲ့ကြသည်။ ၁၉၅၃ ခုနှစ် တရုတ်-ဆီုဗီယက် စစ်ရေးစာချုပ်တစ်ခုကို ထပ်မံချုပ်ဆိုခဲ့ပြီး သဘော တူညီချက် များအရ ဆိုဗီယက်တို့က တရုတ်တို့ထံ နည်းပညာများ လွှဲပြောင်းပေးရန် အတွက်ပါ သဘောတူခဲ့ကြသည်။

ထိုနှစ်၌ပင် တရုတ်တို့သည် နျူကလိယ စွမ်းအင်ထုတ်ရန်အကြောင်းပြချက်ဖြင့် နျူကလိယစွမ်းအင်ကို သုတေသန ပြုလုပ်ကြသည်။ ထိုမှတစ်ဆင့် နျူကလိယလက်နက်အဆင့်အထိ သုတေသန ပြုလုပ်ရန် ဆိုဗီယက်တို့၏ အကူအညီများကို ရယူခဲ့ကြသည်။

၁၉၆၀ ခုနှစ်ဝန်း ကျင်အထိ ဆိုဗီယက်တို့ဘက်မှ သိပ္ပံပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ နျူကလိယလက်နက် တီထွင်နိုင်ရေးအတွက် လိုအပ်သော ပစ္စည်း ကိရိယာ အထောက်အပံ့များကို နောက်ကွယ်မှ ထောက်ပံ့ပေးခဲ့သည်။ ဤသို့ဖြင့် ဆိုဗီယက် (ရုရှား) တို့၏ အသေးစိတ်အကူအညီများကြောင့် ၁၉၅၅ ခုနှစ်တွင် တရုတ်ပြည်၏ နျူကလိယစီမံကိန်းကို စတင်နိုင်ခဲ့သည်။

၁၉၅၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မော်စီတုန်းက တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးများ တွေ့ဆုံပွဲ၌ Atomic Bombs (အက်တမ်ဗုံးများ) ကို တီထွင်ထုတ်လုပ်တော့မည့်အကြောင်းကို ပြောကြားခဲ့သည်။

ထိုနျူကလိယစီမံကိန်းကို အသက်သွင်းရန်အတွက် မော်စီတုန်းက ၁၉၅၆ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ ၈ ကြိမ်မြောက် ညီလာခံအစည်းအဝေး၌ စီမံကိန်း စတင်ရန် ကြေညာခဲ့သည်။ မော်စီတုန်းက သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပေါ်လစ်ဗျူရိုအစည်းအဝေးပွဲတွင် “အခု ငါတို့ဟာ အတိတ်တစ်ချိန်တုန်း ကထက်ကို ပိုပြီး အင်အားတောင့်တင်းလာခဲ့ပြီ။ အနာဂတ်မှာလည်း အခုလက်ရှိထက်ကို ပိုပြီး အင်အားတောင့်တင်းလာစေရမယ်။

ငါတို့ဟာ လေယာဉ်တွေ၊ အမြောက်တွေကို ပိုမို ပိုင်ဆိုင်နိုင်ရေး အတွက် သာမ က နျူကလိယလက်နက်ပိုင်ဆိုင်ရေးကိုပါ ဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒီနေ့ခေတ်ကမ္ဘာမှာ ငါတို့ကို အနိုင်လာကျင့်တာမျိုးကို မခံချင်ရင် ငါတို့ဆီမှာ ဒီလက်နက်က ရှိကို ရှိနေမှဖြစ်မယ်” ဟု ပြောကြားခဲ့သည်။ မော်စီတုန်းက ဆုံးဖြတ်ချက်ချပြီးသည်နှင့် ၁၉၅၆ ခုနှစ်မှစတင်ကာ ၁၂ နှစ် စီမံကိန်းဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၁၂ နှစ်အတွင်း တရုတ်ပြည်သည် နျူကလိယ လက်နက် များနှင့် ပဲ့ထိန်းဒုံးပျံများကို တီထွင်ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ကိုပါ ပြောကြားခဲ့သည်။

ထိုအတောအတွင်း ဆိုဗီယက်တို့က တရုတ်ပြည်ကာကွယ်ရေးအတွက် ပဲ့ထိန်းဒုံးများကို အငှားချထားပေးခဲ့သည်။

မော်စီတုန်း၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ၁၉၅၆ နှစ်လယ်ပိုင်းတွင် ဝန်ကြီးချုပ် ကျိုးအန်းလိုင် (ချူအင်လိုင်း)၊ ချန်ရိ၊ လီဖုချွမ်၊ နဲ့ရုန်ကျန်းတို့က တရုတ်ပြည် သိပ္ပံပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များကို ရေးဆွဲခဲ့ကြသည်။

မော်စီတုန်းကိုယ်တိုင်ကလည်း စီမံကိန်းအတွက် အားတက်သရောရှိလှပြီး နျူကလိယလက်နက်ပိုင်ဆိုင်ရေးကို “နိုင်ငံ့ဆန္ဒ” တစ်ခုအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ကြရမည်ဟု ဆိုသည်။

ဤသို့ဖြင့် တရုတ်ပြည်တွင် နျူကလိယစွမ်းအင် ဖွံ့ဖြိုးရေးနှင့် သုတေသန လုပ်ငန်းများကို အရှိန်အဟုန်မြင့်ကာ ဆောင်ရွက်ခဲ့ကြသည်။ ၁၉၅၇ ခုနှစ် အောက်တိုဘာလလယ်တွင် တရုတ်-ဆိုဗီယက် ၂ နိုင်ငံတို့သည် နိုင်ငံတော် ကာကွယ်ရေးအတွက် နည်းပညာရပ်ဆိုင်ရာစာချုပ်အသစ် ၁ ခုကို ထပ်မံချုပ် ဆိုခဲ့ကြပြန်သည်။ ဆိုဗီယက်တို့က နျူကလိယ သုတေသနလုပ်ငန်း များ အတွက် သာမက ဒုံးကျည်နည်းပညာများကိုပါ ထောက်ပံ့ကူညီပေးသွားမည်ဟု ဆိုသည်။

ဆိုဗီယက်တို့နှင့် သဘောတူညီချက်စာချုပ်ထဲတွင် ဆိုဗီယက်တို့က မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် နည်းပညာများအပြင် အက်တမ်ဗုံး (Sample Atomic Bomb) ၏ နမူနာဗုံးနှင့် နျူကလိယလက်နက် ထုတ်လုပ်ရေးအတွက် လိုအပ်သည့် နည်းပညာများကိုပါ ထောက်ပံ့ပေးခဲ့ လေ သည်။ ထို့အပြင် ဆိုဗီယက်တို့သည် နျူကလိယလုပ်ငန်းစဉ်အတွက် လိုအပ် သည့် အဆောက်အအုံများ၊ နျူကလိယဓာတ်ပေါင်းဖို တည်ဆောက်ရေး လုပ် ငန်း များ၊ ယူရေနီယံသန့်စင်ခြင်း စသည့် လုပ်ငန်းစဉ်များတွင် လိုအပ် သည် များ ကို ပံ့ပိုးကူညီပေးခဲ့သည်။

ထိုသို့ တရုတ်ကို နျူကလိယလက်နက်ပိုင်ဆိုင်ရေးအတွက် ထောက်ပံ့ပေးခဲ့ ရခြင်းကြောင့် ဆိုဗီယက်တို့၏ နျူကလိယဗုံးစမ်းသပ်ရေးလုပ်ငန်းစဉ်များမှာ ပြိုင်ဘက် အမေရိကန်၊ ဗြိတိန်တို့ထက် ၂ နှစ်/ ၃ နှစ်ခန့် နောက်ကျခဲ့ရလေသည်။

၁၉၅၈ ခုနှစ်တွင် မော်စီတုန်း၏ လက်ယာဆန့်ကျင်ရေး လှုံ့ဆော်မှုနှင့် မဟာခုန်ပျံကျော်လွှားစီမံကိန်းများကြောင့် တရုတ်ပြည်သူ သန်းနှင့်ချီ၍ အငတ်ဘေးဒဏ်ကြောင့်​ သေကျေပျက်စီးခဲ့ရသည်။ မော်စီတုန်းက ထိုအချက်ကို ဖုံးကွယ်သည့်အနေဖြင့် နျူကလိယဗုံး၊ ဒုံးပျံနှင့် ဂြိုလ်တု နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေသည့်အခြေအနေများကို ကြေညာခဲ့သည်။

ထိုကြေညာချက်ထဲတွင် “ဗုံး ၂ လုံး၊ ဂြိုဟ်တု ၁ လုံး” စီမံကိန်းကို အကျယ် တဝင့် ပြောကြားခဲ့သည်။ သို့သော် ထိုကြေညာချက်ကို မကျေနပ်ပဲ ဆန့်ကျင် သော သဘောထားများကိုသာ တွေ့ခဲ့ရသည်။ အငတ်ခံပြီး စားစရာမရှိရင် ယူရေနီယံဝါးစားကြမည့် သဘောထားအတိုင်း စီမံကိန်းကို အငတ်ငတ် အပြတ်ပြတ် ဒဏ်တွေကြားထဲကမှ ဆက်လက်လုပ်ဆောင်ခဲ့သည်။

ထိုနှစ်ထဲမှာပင် ဆိုဗီယက်တို့၏ နည်းပညာအကူအညီဖြင့် တရုတ်တို့အနေဖြင့် ပထမဆုံး နျူကလိယဓာတ်ပေါင်းဖိုကို တည်ဆောက်နိုင်ခဲ့သည်။

ဗုံး ၂ လုံး၊ ဂြိုလ်တု ၁ လုံးပိုင်ဆိုင်ရေး စီမံကိန်း ဗုံး ၂ လုံး၊ ဂြိုလ်တု ၁ လုံး ပိုင်ဆိုင်ရေး စီမံကိန်း (两弹一星) ဆိုသည်မှာ တရုတ်နိုင်ငံအနေဖြင့် အချိန်တိုအတွင်း နျူကလိယဗုံး၊ ကမ္ဘာ့တိုက်ချင်းဖြတ်ကျော်ဒုံးကျည် (ICBM)၊ အာကာသဆိုင်ရာနည်းပညာနှင့် ဂြိုလ်တုများကို ပိုင်ဆိုင်နိုင်ရေး ဖြစ်သည်။ တရုတ်ပြည်၏ အိမ်မက်၊ တစ်နည်းအားဖြင့် မော်စီတုန်း၏ အိမ်မက်မှာ လွန်စွာကြီးမားလှသည်။

ထိုခေတ်က ဆင်းရဲမွဲတေနေသော တရုတ်ပြည်အတွက်တော့ ဝန်အားပိကာ အဆမတန်အောင် ရုန်းကန်ခဲ့ကြရသည်။ ပထမဆုံးအနေဖြင့် တရုတ်တို့သည် ဆိုဗီယက်တို့၏ အကူအညီဖြင့် နျူကလိယဗုံးစီမံကိန်း Project 596 (Code Name – ချိုးရှောင်ကျဲ 邱小姐) Code Word (Chic-1) ကို စတင်ခဲ့သည်။ တရုတ်နှင့် ဆိုဗီယက် သိပ္ပံပညာရှင်များ ပူးပေါင်းကာ နျူကလိယ သုတေသနဆိုင်ရာများကို လေ့လာခဲ့သလို အချက်အလက်များကိုလည်း အပြန်အလှန် မျှဝေပေးခဲ့သည်။

နျူကလိယ စမ်းသပ်ရေးအတွက် ရှင်းကျန့်ပြည်နယ် (ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) လောပုပေါ် 羅布泊 ရေကန်အနီးတွင် နေရာသတ်မှတ်ရွေးချယ်ခဲ့သည်။ မာလန်တွင် ဋ္ဌာနချုပ်ကို ဖွင့်လှစ်ထားရှိပြီး နျူကလိယစမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည်။ ၁၉၆၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး စမ်းသပ်ရေးအတွက် လိုအပ်သည့် အဆောက်အအုံများကို လုပ်သားပေါင်း ၁ သောင်းကျော်ကို ခေါ်ယူခဲ့သည်။ လုပ်သား မလုံလောက်မှုကြောင့် အကျဉ်းသားများကိုပါ ခေါ်ယူခိုင်းစေ ခဲ့ရသည်။

ထိုဒေသမှာ ကြမ်းတမ်းသော မြေခံရှိသည့်အတွက် အလုပ်သမားများမှာ ပင်ပန်းဆင်းရဲကြီးစွာ လုပ်ကိုင်ခဲ့ကြရသည်။ ထိုစမ်းသပ်ရေးအတွက် လိုအပ်သော အဆောက်အအုံများကို အချိန် ၄ နှစ်ကြာမှ တည်ဆောက် ပြီးစီးခဲ့သည်။ ထိုအချိန်မှစ၍ လော်ပုပေါ်နျူကလိယစမ်းသပ်ရေး ဧရိယာ ထဲတွင် တရုတ်တို့သည် နျူကလိယဗုံးများကို အကြိမ်ကြိမ် စမ်းသပ်ခဲ့ ကြ သည်။ ယနေ့အထိ ကမ္ဘာ့အကြီးဆုံး နျူကလိယစမ်းသပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခံထားရသည်။

သို့ပေမယ့် တစ်ဖက်မှာတော့ တရုတ်-ဆိုဗီယက် ၂ နိုင်ငံ ဆက်ဆံရေးမှာ ၁၉၅၈ ကနေစပြီး တစ်ဖြည်းဖြည်း အေးစက်စက်ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဆိုဗီယက်တို့သည် အမေရိကန်နည်းတူ တရုတ်နိုင်ငံရေးကို ဝင်ရောက် စွက် ဖက်ခဲ့ကြသည်။ ၁၉၅၉ ခုနှစ်တွင် တိဗက်၌ ပုန်ကန်မှုဖြစ်ပွားသည့်အခါ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေး လွတ်မြောက်သွားအောင် ကူညီခဲ့ရာမှ စခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ဆိုဗီယက်ခေါင်းဆောင်သစ် ခရူးရှက်နှင့် မော်စီတုန်းတို့မှာ နိုင်ငံရေးကိစ္စများနှင့် ပတ်သတ်ပြီး မတည့်ကြချေ။ တရုတ်တို့၏ နျူကလိယအိပ်မက်မှာလည်း တဖြည်းဖြည်းနှင့် အခြေအနေ ဆိုးရွားလာခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဆိုဗီယက်တို့သည် အမေရိကန်တို့နှင့် တင်းမာနေမှုများကို ဖြေလျော့သည့် အနေဖြင့် တရုတ်တို့ကို နျူကလိယစီမံကိန်းအတွက် ထောက်ပံ့နေမှုများကို လျော့ချပစ်လိုက်သည်။

ထို့အပြင် တရုတ်-ဆိုဗီယက် ၂ နိုင်ငံ နယ်နမိတ် သတ်မှတ်ရေးအတွက် အငြင်းပွားမှုများဖြစ်ပွားခဲ့ကြသည့်အတွက် ဆိုဗီယက်တို့က နျူကလိယ ဗုံးတည်ဆောက်ရန်အတွက် လိုအပ်သည့် ဗုံးနမူနာပုံစံများအပြင် ဆိုဗီယက် သိပ္ပံပညာရှင် ၁၄၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့သည်။ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း ၂၀၀ ကျော်ကိုပါ ဆိုဗီယက်တို့ဘက်မှ ဖျက်သိမ်းပစ်ခဲ့သည်။

တရုတ်-ဆိုဗီယက် သဘောတူညီ ထားသည့် စာချုပ်များကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။ ထို့ပြဿနာများကြောင့် တရုတ်တို့၏ နျူကလိယစီမံကိန်း အိပ်မက်မှာလည်း ပျက်ပြယ် လုမတတ် ဖြစ် ခဲ့ရလေသည်။ ထို့အပြင် ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ်-အိန္ဒိယ စစ်ပွဲ အတွင်း၌ ဆိုဗီယက်တို့ဘက်မှ စစ်မဟာမိတ်စာချုပ်အရ အကူအညီများကို ပေးအပ်ရန် ငြင်းဆန်ခဲ့သော်လည်း ထိုစစ်ပွဲတွင် တရုတ်တို့ဘက်မှ အနိုင် ရရှိခဲ့ သည်။

ချိုးမိန်းကလေးရေ

ခရူးရှက်တို့ ဆိုဗီယက်ဘက်က ၁၉၅၉ ခုနှစ် ဂျွန်လ ၂၀ ရက်နေ့တွင် အကူအညီများကို ရပ်ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့သည်။ အထောက်အပံ့များ မရတော့သော်လည်း မော်စီတုန်းက “မိမိ ကိုယ်ကိုသာ အားကိုးပြီး နျူကလိယဗုံးကို ရအောင်ဖန်တီးကြမည်” ဆိုကာ Project 596 ၊ Code name ချိုးရှောင်ကျယ် 邱小姐 (ချိုးမိန်းကလေး)၊ အမေရိကန်တို့၏ လျှို့ဝှက်ကုဒ်နံပါတ် Chic-1 ကို စတင်ခဲ့သည်။ သို့သော်လည်း တရုတ်ထိပ်သီး အကြီးအကဲများအကြား “ဗုံး ၂ လုံး၊ ဂြိုလ်တု ၁ လုံး” စီမံကိန်းနှင့်ပတ်သတ်ပြီး ဆက်လက် လုပ်ဆောင်ရန် သင့်/မသင့်ကို အငြင်းပွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ၁၉၆၂ ခုနှစ် နိုဝင်ဘာလတွင် ကျိုးအန်းလိုင်၊ နဲ့ရုန်ကျန်းနှင့် အခြားခေါင်းဆောင်များက ဗဟိုကော်မတီကို ဦးဆောင်ပြီး ဖွဲ့စည်းကာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ဤသို့ဖြင့် Project 596 ၊ Code name ချိုးရှောင်ကျယ် 邱小姐 (ချိုးမိန်းကလေး) ဟု အမည်ပေး ထားသည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော နျူကလိယလက်နက် Atomic Bomb Chic-1 ကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၊ ဂရင်းနစ် စံတော်ချိန် ၇ နာရီအတိတွင် လော်ပုပေါ်ရေကန်နှင့် ကီလိုမီတာ ၇၀ အကွာရှိ လော်ပုပေါ်စမ်းသပ်ရေးကွင်းပြင်၌ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။

စမ်းသပ်ဖောက်ခွဲခဲ့သော ဗုံး၏ အမြင့်မှာ ၁၀၇ မီတာအထိရှိပြီး ယမ်းပြင်းအား TNT ၂၂ ကီလိုတန်အထိရှိသည်။ အဆိုပါပြင်းအားကို နှိုင်းယှဉ်ကြည့်ပါက ဆိုဗီယက်တို့၏ ပထမဆုံးဗုံးဖြစ်သော ၁၉၄၉ ခုနှစ်က စမ်းသပ်ခဲ့သည့် RDS-1 ၊ အမေရိကန်တို့ ဂျပန်နိုင်ငံ နာဂါစာဂီမြို့ပေါ် ကြဲချခဲ့သော Fat Man ဗုံးတို့၏ ပြင်းအားနှင့် အတူတူနီးပင်ဖြစ်သည်။ ထိုစမ်းသပ်ချက်ကြောင့် တရုတ်တို့သည် နျူကလိယကို ပိုင်ဆိုင်သည့် ပဉ္စမမြောက် နိုင်ငံဖြစ်လာခဲ့သည်။

(အမေရိကန်၊ ရုရှား၊ အင်္ဂလန်၊ ပြင်သစ်၊ တရုတ်) တရုတ်ပြည်သည် ပထမဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပြီးနောက် ဆက်လက်စမ်း သပ်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း ၄၅ ကြိမ်မျှ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။ ၁၉၆၇ ခုနှစ် ဂျွန်လ ၁၇ ရက်နေ့တွင် Test No.6 ဟိုက်ဒရိုဂျင်ဗုံးကိုပါ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။ ထို့ကြောင့် သမိုင်းတစ်လျှောက် နျူကလိယ fission-to-fusion ကို အလျှင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနိုင်ခဲ့သည့် နိုင်ငံအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။ အမေရိကန်တို့သည် ဟိုက်ဒရိုဂျင်ဗုံးကို ပိုင်ဆိုင်နိုင်ရန် ၈၆ လကြာ ကြိုးပမ်းခဲ့ရပြီး ဆိုဗီယက်တို့မှာ ၇၅ လကြာအောင် ကြိုးပမ်းခဲ့ရသည်။

ထိုနိုင်ငံများနှင့်ယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့် တရုတ်ပြည်မှာ ၃၂ လအတွင်း ပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာပင် ဖြစ်ခဲ့သည်။ ထိုအထဲတွင် ပိုအံ့ဩစရာကောင်းသည်မှာ မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးကြောင့် နျူကလိယစီမံကိန်းမှ သိပ္ပံပညာရှင်များ ဖမ်းဆီးထောင်ချခံနေရချိန်၊ ညှဉ်းပန်းနှိပ်စက်ခံနေရချိန်တွင် ရှိသည့်လူဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအကျိုးဆက်၏ တစ်စိတ်တစ်ဒေသအနေဖြင့် အမေရိကန်နှင့် United Nations (ကမ္ဘာ့ကုလ သမဂ္ဂ) တို့သည် ယခင်က တရုတ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုထား သည့် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) အစား တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပြည်မ) ကို အစားထိုးပေးခဲ့သည်။ ထို့ကြောင့် ၁၉၇၁ ခုနှစ် အောက်တိုဘာလ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့သည်။ ထိုမှတစ်ဆင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဗီတို အာဏာကိုင်ဆောင်ထားသော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာခဲ့တော့ သည်။

နျူကလိယစီမံကိန်းအတွက် ရင်ဆိုင်ခဲ့ရသော အခက်အခဲများ

၁၉၅၉ ခုနှစ်တွင် ခရူးရှက်မှ နျူကလိယစီမံကိန်းအတွက် ထောက်ပံ့နေမှုများကို ဖြတ်တောက်ပစ်ခဲ့သောကြောင့် တရုတ်တို့ဘက်မှ များစွာအခက်တွေ့ ခဲ့ရ သည်။ ထိုထက်ဆိုးရွားသည်မှာ တရုတ်သိပ္ပံပညာရှင်များသည် အကာအကွယ် ဝတ်စုံများ မရှိခဲ့သည့်အတွက် ရေဒီယိုသတ္တိကြွမှုကြောင့် ဓာတ်ရောင်ခြည်သင့် ခဲ့ရသူ များစွာရှိခဲ့သည်။ ထိုသူများသည်လည်း စီမံကိန်းပြီးဆုံးသွားသည့်အခါ ဓာတ်ရောင်ခြည်သင့်ရောဂါများဖြစ်သော ကင်ဆာရောဂါ၊ ကုဋ္ဌနူနာရောဂါများ ခံစားခဲ့ရပြီး အများစုမှာ ကုသနိုင်ခြင်းမရှိသည့်အတွက် အသက်ပေးခဲ့ကြရ သည်။

စီမံကိန်းကြီးကို ဆောင်ရွက်နေသော်လဲ ခေတ်မှီစက်ပစ္စည်းကိရိယာများ၊ တွက်ချက်သည့် ကွန်ပြူတာများကို အရေးယူပိတ်ဆို့မှုများကြောင့် မဝယ်ယူနိုင်ခဲ့သည့်အတွက် တရုတ်ရိုးရာတွက်ချက်နည်းဖြစ်သည့် ပေသီးကို အသုံးပြုခဲ့ကြရသည်။ ဘိုးဘေးတို့၏ အမွေအနှစ်ဖြစ်သည့် ပေသီးဖြင့်သာ Equation ပုစ္ဆာများကို တွက်ချက်အဖြေရှာပြီး နျူကလိယကို ပိုင်ဆိုင်နိုင် အောင် ကြိုးပမ်းခဲ့ရသည်။

အဆိုးရွားဆုံးကိစ္စမှာ ၁၉၆၆ ခုနှစ်တွင် မော်စီတုန်းသည် ယဉ်ကျေးမှုတော်လှန် ရေး ကို ဆင်နွှဲခဲ့ရာ ပညာရှင်များမှာ နှိပ်ကွပ်ခြင်းခံရတော့သည်။

၁၉၆၈ ခုနှစ် တွင် “ဗုံး ၂ လုံး၊ ဂြိုဟ်တု ၁ လုံး” စီမံကိန်းတွင် ပါဝင်သည့် သိပ္ပံပညာရှင် ယောင်ထုံးပင့်မှာ ပြည်ပသူလျှိုဟု စွပ်စွဲခံရပြီး အသေရိုက်သတ်ခဲ့သောကြောင့် သေဆုံးခဲ့ရသလို ပညာရှင် ကျောက်ကျို့ကျန်းမှာလည်း နှိပ်စက်မှုဒဏ်ကို မခံစားလိုသဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ သိပ္ပံပညာရှင် ကော်ယုံးဟွိုင် မှာလည်း လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသည်။

၁၉၇၁ ခုနှစ် စက်တင်ဘာလအထိ အဖွဲ့ဝင် ၄၀၀၀ ကျော်မှာ မျိုးစုံဖိနှိပ် ညှဉ်းပန်း ခြင်းခံခဲ့ရသည်။ ထိုအထဲမှ အယောက် ၃၁၀ မှာ မရှုမလှ ပျောက်ဆုံးသွားခဲ့ ကြ ပြီး အယောက် ၄၀ မှာ အဆုံးစီရင်သွားခဲ့ကြသည်။ အဖွဲ့ဝင် ၅ ဦးမှာမူ တရားဝင် ကွပ်မျက်ခြင်းခံခဲ့ရသည်။

သိပ္ပံပညာရှင်အများစုတွင် နိုင်ငံရပ်ခြားမှ ပညာတော် သင်ပြီး ပြန်လာသူများ (အထူးသဖြင့် အမေရိကန်၊ ဗြိတိန်) ကို ပစ်မှတ်ထား ကာ သူလျှိုဟုစွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်း ဖြစ်သည်။ ဒုံးလက်နက်ပညာရှင် ချမ်ရွှယ်စန်းကိုပင် ပစ်မှတ်ထားခဲ့ကြသေးသည်။ ထို့ကြောင့် ချမ်ရွှယ်စန်း အပါ အဝင် အရေးပါသည့် ပညာရှင်များကို ကာကွယ်ရန် ကျိုးအန်းလိုင်က စာရင်း ပြုစု ကာ မော်စီတုန်းထံ တင်ပြခဲ့ရသည်။

၁၉၆၆ ခုနှစ် ဩဂုတ်လတွင် မော်စီ တုန်း ၏ ခွင့်ပြုချက်အရ ထိုစာရင်းထဲတွင် ပါဝင်သည့်လူများကို ကာကွယ်ပေး သည့် အမိန့်ကို တရားဝင်ထုတ်ပြန်ပေးခဲ့ရသည်။

“ဗုံး ၂ လုံး၊ ဂြိုလ်တု ၁ လုံး” စီမံကိန်း၏ သမိုင်းမှတ်တိုင်များ

၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရုတ်ပြည်၏ ပထမဆုံး Atomic Bomb ကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပြီး ပဉ္စမမြောက် နျူကလိယလက်နက်ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တရုတ်ပြည်၏ ပထမဆုံး အ ကြိမ်အဖြစ် မြေပြင်မှ မြေပြင်ပစ်ဒုံးကျည် တုန်းဖန်း-၂ (Dongfeng-2) တွင် နျူကလိယထိပ်ဖူးကို သယ်ဆောင်ကာ ပစ်လွှတ်ဖောက်ခွဲနိုင်ခဲ့သည်။ 東風 (DF) ဆိုသည်မှာ အရှေ့လေ ဟု အဓိပ္ပါယ်ရသည်။

၁၉၆၇ ခုနှစ် ဂျွန်လ ၁၇ ရက်နေ့တွင် တရုတ်ပြည်၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ဖောက်ခွဲနိုင်ခဲ့သည်။ ၁၉၇၀ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် တရုတ်ပြည်၏ ပထမဆုံး ဂြိုလ်တု တုန်းဖန်းဟုန် (Dong Fang Hong I) ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် တရုတ်ပြည်သည် ကိုယ်ပိုင်ဒုံးကျည်ကို အသုံးပြုကာ အာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့သည့် ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ 東方紅 (DFH) ဆိုသည်မှာ အရှေ့အရပ်က အနီရောင် (တရုတ်ပြည်ကို ရည်ညွှန်း) ဟု အဓိပ္ပါယ်ရသည်။

林圛朙「天下第一」
天下第一 Page မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

CRD_knowledgeworm

Add a Comment

Your email address will not be published. Required fields are marked *