ကိုယ့်ကိုဝိုင်းချစ်နေတဲ့ ကောင်မလေးနှစ်ဦးစလုံးကို အားနာနာနဲ့ လက်ထပ်လိုက်တဲ့ အမျိုးသား ( လိုချင်လို့တော့မဟုတ်ဘူးနော် ၂ ယောက်လုံးကို အားနာလို့…)
|ကိုယ့်ကိုဝိုင်းချစ်နေတဲ့ ကောင်မလေးနှစ်ဦးစလုံးကို အားနာနာနဲ့ လက်ထပ်လိုက်တဲ့ အမျိုးသား ( လိုချင်လို့တော့မဟုတ်ဘူးနော် ၂ ယောက်လုံးကို အားနာလို့…)
အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ဟာ မိမိကို ဝိုင်းချစ်နေတဲ့ ကောင်မလေးနှစ်ဦးစလုံးကို အားနာတာနဲ့ နှစ်ဦးစလုံးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအမျိုးသားရဲ့အဆိုအရ သူ့ကိုချစ်နေတဲ့ ကောင်မလေးနှစ်ယောက်အနက် တစ်ယောက်ကို ထားရစ်ခဲ့ရင် အဲဒီတစ်ယောက်အတွက် မတရားရာကျမှာစိုးလို့ အခုလို နှစ်ဦးစလုံးနဲ့ ပြိုင်တူ လက်ထပ်ခဲ့တာပါတဲ့။
သတို့သား Chandu Maurya ရဲ့ မင်္ဂလာဖိတ်စာဟာ မင်္ဂလာမဆောင်ခင်ကတည်းက လူမှုကွန်ရက်မှာ ရေပန်းစားခဲ့ပါတယ်။ Chandu Maurya ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ(၅)ရက်နေ့က ဓလေ့ထုံးတမ်းစဉ်လာတွေနဲ့အညီ၊
ကိုဗစ်စည်းကမ်းတွေနဲ့အညီ မင်္ဂလာဧည့်ခံပွဲကို ကျင်းပခဲ့တာပါ။ သုံးဘက်ဆိုင် ဆွေမျိုးသားချင်းတွေ စုစုပေါင်း ဧည့်သည်(၅၀၀)လောက် တက်ခဲ့ပါတယ်။
တကယ်တော့ Chandu ဟာ Tikralohnga အမည်ရ ရွာလေးမှာ နေထိုင်တဲ့ လယ်ဧကနည်းနည်းသာ ပိုင်ဆိုင်တဲ့ လယ်သမားလေးပါ။ အခုဆို သူဟာ (၂၄)နှစ် ရှိနေပါပြီ။ သူဟာ မော်ဝါဒီသက်ရောက်မှုရှိတဲ့ Bastar ခရိုင်အတွင်းက ရွာလေးမှာ နေထိုင်ပါတယ်။
ပြီးခဲ့တဲ့သုံးနှစ်က Tokapal နယ်မြေမှာ လျှပ်စစ်မီးတိုင်တွေ စိုက်ထူစဉ် Sundari Kashyap အမည်ရ ကောင်မလေးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။
Sundari ဟာ အသက်(၂၁)နှစ် ရှိနေပါပြီ။ သူတို့ချင်း ဖုန်းနဲ့အမြဲမပြတ် ဆက်သွယ်ခဲ့သလို၊ မိဘတွေ လစ်ရင်လစ်သလို တွေ့ကြပါတယ်။
နောက်ထပ်တစ်နှစ်လောက် ကြာတော့ သူဟာ အသက်(၂၀)အရွယ် တစ်ရွာတည်းနေ Haseena Baghel နဲ့ ချစ်ကြိုးသွယ်ခဲ့ပြန်ပါတယ်။
သူတို့ရဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ မိန်းကလေးနှစ်ဦးက ဘယ်သူမှ အလျှော့မပေးချင်ကြပါဘူး။
Chandu တစ်ယောက် ပျော်ရမယ်ထင်လို့ ရည်းစားထားခဲ့ရာက စိတ်ညစ်ဗျာများစရာတွေ ဆက်တိုက် ကြုံခဲ့ရပါတယ်။
သူကတော့ ဘယ်သူနဲ့ဖြစ်ဖြစ် လက်တွဲနိုင်ပါတယ်။
ဒါပေမယ့် ကံကောင်းချင်တော့ ကောင်မလေးနှစ်ယောက်စလုံးကလည်း တပြိုင်တည်း မင်္ဂလာဆောင်ပြီးယူမယ်ဆိုရင် လက်ခံမယ်လို့ အကြောင်းပြန်ခဲ့တာကြောင့်-
နောက်ဆုံးမှာ ဒီလို ထူးခြားတဲ့ မင်္ဂလာပွဲလေး ဖြစ်လာခဲ့တာပါ။
Chandu က ” ကျွန်တော် သို့လောသို့လော ဖြတ်ကျော်ရတဲ့အချိန်တွေကို မုန်းပါတယ် .. ဘယ်သူ့ကိုမှ ကျွန်တော် သစ္စာမဖောက်ချင်ဘူး … နှစ်ယောက်စလုံးကလည်း ကျွန်တော်ကို ချစ်ကြတော့ နှစ်ယောက်စလုံးကို လက်ထပ်မှ တရားမျှတမယ်လို့ ကျွန်တော် ယူဆလိုက်ပါတယ် …
သူတို့ကလည်း ရာသက်ပန် ကျွန်တော်နဲ့နေဖို့ သဘောတူကြပါတယ် “လို့ ပြောခဲ့ပါတယ်။
ထူးခြားတာကတော့ Sundari ရဲ့မိဘတွေက မင်္ဂလာပွဲကို တက်ရောက်ခြင်းမရှိပါဘူး။ ဆွေမျိုးသားချင်းတွေကတော့ လာရောက်ဂုဏ်ပြုခဲ့ပါသတဲ့။
CRD_လင်းဇော်ကို